ဆေးခြောက်တရားဝင်ခွင့်ပြုနိုင်ရေး လှုပ်ရှားမှု စတင်

နိုဝင်ဘာ ၁၀
မောင်မျိုး

ဆေးခြောက်တရားဝင် ခွင့်ပြုစေရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ၁၁ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံတွင် မီးပုံပျံ ၁၁၁လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း ဆေးခြောက် တရားဝင် ဖြစ်မြာက်ရေး(NJ)၏ ဦးဆောင်သူများက ဆိုသည်။

ဆိုင်းဘုတ်များကိုင်ဆောင်ခြင်း စုပေါင်းဓာတ်ပုံရိုက်ခြင်းနှင့် အသိပညာဖလှယ်ခြင်း စသည့် အစီစဉ်များလည်း ပါဝင်သွားမည် ဖြစ်သည်။

“ဆေးခြောက်ကို တရားဝင် ခွင့်ပြုလိုက်ရင် စီးပွားရေးအရ တိုးတက်လာမယ်။ အခွန်တွေရမယ် ဒါ့အပြင် ဘိန်းစိုက်တောင်သူတွေပါ စိုက်လာနိုင်ရင် ဘိန်းဖြူသုံးစွဲမှုတွေလျော့ကျလာမယ်။ ဒါကြောင့်တောင်းဆိုနေတာ” ဟု ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ NJ မှ စိန်လှမောင် က ဆိုသည်။

နိုင်ငံပေါင်း သုံးဆယ်ကျော်တွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆေးခြောက်သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါအပါအဝင် တခြားသော ရောဂါအများစုကို ပျောက်ကင်းစေခြင်းကြောင့် အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုစေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဆေးခြောက်ကို မကြိုက်လို့ မသောက်ဘူး၊ ဒါပေမယ့် ဆေးဘက်ဝင်တယ်၊ မူးယစ်ဆေးလိုမျိုးလည်းမဟုတ်တော့ တရားဝင်ပေးသင့်တာပေါ့”ဟု ကိုမင်းသန့်ကပြောသည်။

“ဆေးခြောက်က အရက်တို့ ဆေးလိပ်တို့ထက် ထိခိုက်စေမှုနည်းတယ်။ ဒါပေမယ့် တရားမဝင် ဖြစ်တော့ ဆေးလိပ်ခြောက် တလိပ်ကြောင့် ထောင်ထဲလေးငါးခြောက်နှစ် နေနေရတဲ့ လူငယ်တွေမနည်းဘူး။ ဒါကမတရားဘူး။”ဟု ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေး(NJ)က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တွင်သာမက မန္တလေးမြို့ ရန်ကင်းတောင်ခြေ၌လည်း မီးပုံပျံလွှတ်မည်ဟု သိရသည်။ဆေးခြောက်ကို ၁၈၇၀မတိုင်ခင်က တရားဝင်ခွင့်ပြုခဲ့ပြီး ဗြိတိသျှအစိုးရလက်ထက်တွင် ဥပဒေဖြင့် ကန့်သပ်ခဲ့သည်။

၁၉၃၉ခုနှစ်တွင် တရားဝင်ပြန်လည် ခွင့်ပြုပေးခဲ့ပြီး ၁၉၉၃ခုနှစ်တွင် မူးယစ်ဆေးဝါးအမည်တပ်ပြီး ပြန်လည် ကန့်သပ်လိုက်ခြင်းဖြစ်သည်။

Leave a comment

Design a site like this with WordPress.com
Get started