တောင်ကိုရီးယားတွင် ထိုင်းတရားမဝင်အလုပ်သမား ၁၇၀ဝ၀ဝ ခန့်ရှိ

ဘန်ကောက်၊ နိုဝင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင်သွားရောက်အလုပ်လုပ်နေသည့်ထိုင်းနိုင်ငံသား အရေအတွက်လျှော့ချရန် ကြိုးစားသည့်အနေဖြင့် အခမဲ့ဘာသာစကားသင်တန်းများ တက်ရောက်ရန် ထိုင်းအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနေသည်။
ကိုရီးယားဘာသာပိုကျွမ်းကျင်ပါက တရားမဝင်အလုပ်သမားအရေအတွက်လျှော့ချနိုင်သည်ဟု ထိုင်းအလုပ်ခန့်ထားမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ပိုင်ရော့ ချိုတီကာဆာတျန်က ပြောသည်။
“နိုင်ငံခြားအလုပ်သမားတွေကို တောင်ကိုရီးယားအစိုးရက ဘာသာစကားကျွမ်းကျင်မှုစစ်တော့ ပြဿနာစတက်တာပဲ။ ထိုင်းအလုပ်သမား ၂၅ ရာခိုင်နှုန်းပဲ စာမေးပွဲအောင်တယ်။ ကျတဲ့လူတွေကျတော့ တရားမဝင်အလုပ်သမားတွေဖြစ်ကုန်တော့တာပဲ”ဟု ပိုင်ရော့ကပြောသည်။
တောင်ကိုရီးယားတွင် ထိုင်းတရားမဝင်အလုပ်သမား ၁၇၀ဝ၀ဝ ခန့်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။
သို့သော် အလုပ်ပါမစ်ရရန် နှစ်စဉ် လုပ်သား ၆၀ဝ၀ သာ ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲဝင်ဖြေကြသည်ဟုလည်းသိရသည်။
ထိုင်းနိုင်ငံနှင့်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာသဘောတူညီချက်များရှိသည့်နိုင်ငံတချို့၏ဘာသာစကားများတွင် ထိုင်းအလုပ်သမားများအရည်အချင်းမြင့်တက်စေရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ်နေသည်။
တောင်ကိုရီးယားနှင့်ဂျပန်ပါဝင်နေသည့်ထိုနိုင်ငံများ၏စည်းမျဉ်းများနှင့်ကိုက်ညီစေရန် ထိုင်းအစိုးရကဖန်တီးပေးစေနိုင်ရေး ငွေကြေးထောက်ပံ့ခြင်းများလည်းပါဝင်သည်ဟု ပိုင်ရော့ကပြောသည်။
ထိုင်းအလုပ်ခန့်ထားရေးဌာနက ဘာသာစကားသင်တန်းများဖွင့်လှစ်ခဲ့သော်လည်း ထိုင်းအလုပ်သမားများက ဈေးပိုကြီးပြီး အချိန်ကုန်သက်သာသည့်သင်တန်းများကိုသာရွေးချယ်ခဲ့သည်ဟုလည်း ပိုင်ရော့က ရှင်းလင်းသည်။
သို့သော် တရားမဝင်အလုပ်သများပြဿနာသည် သာသာစကားတစ်ခုတည်းကြောင့်မဟုတ်ကြောင်းလည်း ဝန်ခံသည်။
တောင်ကိုရီးယားအလုပ်ရှင်များက ကျန်းမာတောင့်တင်းသော်လည်း ဘာသာစကားစာမေးပွဲမအောင်မြင်ထားသော ထိုင်းအမျိုးသားများနှင့် ကမ္ဘာလှည့်ခရီးသည်အနေနှင့်ရောက်လာပြီး လုပ်ခသက်သာသောထိုင်းအမျိုးသမီးများကို ပိုလိုလားသည်ဟုလည်း ပြောသည်။
Source-Bangkok Post
Ohkkar