သိမ်းဆည်းမြေပြန်လည်ပေးအပ်ရန်ဆွေးနွေး/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၃

တာချီလိတ်မြို့ရှိ ဟောင်လိတ်စက်မှုဇုန်အတွက် သိမ်းဆည်းထားသည့် မြေများထဲမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် မြေဧက ၃၁၇ဧကကို တောင်သူများထံ ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် မူလတောင်သူများအကြား ညှိနှိုင်းမရ ဖြစ်နေကြောင်း သိရသည်။

သိမ်းဆည်းမြေ ၃၁၇ဧက ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် တောင်သူများအကြား ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ရက်၊ နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

မြေသိမ်းခံတောင်သူများတက်ရောက်/ Photo by MeKong News

စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် သိမ်းဆည်းထားသည့်မြေများထဲမှ အကောင်အထည်ဖော်ခြင်းမရှိသည့် မြေဧက ၃၁၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် ဆွေးနွေးရာ မူလတောင်သူအချို့က စက်မှုဇုန်ဧရိယာအတွင်း ဟုန်ပန်းကုမ္ပဏီက ရယူထားသည့် မြေဧက ၁၀၀ထဲမှ အကောင်အထည် မဖော်ရသေးသည့် မြေဧက ၆၀ကျော်ကိုပါ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်လျှပ်စစ်နှင့်လမ်းပန်းဝန်ကြီးမှဆွေးနွေး/ Photo by MeKong News

“တောင်းဆိုချင်တာက လက်ရှိ ဟုန်ပန်းက အသုံးပြုထားခြင်းမရှိတဲ့ ဧက ၆၀ ကျော်ကိုပါ ပြန်လိုချင်ပါတယ်” ဟု မူလတောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဌေး က ပြောသည်။

ဒေါ်ဌေး-မြေသိမ်းခံတောင်သူတစ်ဦး

တာဝန်ရှိသူများအနေဖြင့် ပြည်သူများ ပြန်လည်ရရှိစေလိုသည့် ဆန္ဒဖြင့် သွားရောက်ဆွေးနွေးခြင်း ဖြစ်ပြီး ပြည်သူများဘက်ကလည်း ၎င်းတို့ ဖြစ်ချင်သည့်ဆန္ဒကို တင်ပြခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်မှဆွေးနွေး/ Photo by MeKong News

“ကျွန်တော်တို့ အနေနဲ့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီး ထပ်မံညှိနှိုင်းသွားပါ့မယ်။ ပြည်သူတွေ နစ်နာတာကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တောင်သူများအနေဖြင့် အစိုးရမှ မြေ ၃၁၇ဧက စွန့်လွှတ်ခွဲဝေပေးသည်ကို လက်ခံပါက လုပ်ငန်းပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း တောင်သူများကို ရှင်းပြဆွေးနွေးသည်။

တက်ရောက်လာသည့်မြေသိမ်းခံတောင်သူများ/ Photo by MeKong News

၂၀၀၁ခုနှစ်အတွင်းက စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် မြေဧက ၆၀၁ ဒသမ ၅၄ ဧကကို သိမ်းဆည်းခဲ့ပြီး ယင်းမြေများထဲမှ အကောင်အထည်ဖော်ခြင်းမရှိသည့် မြေဧက ၃၁၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် ညှိနှိုင်းနေခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြေသိမ်းခံတောင်သူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started