ရှမ်းပြည်နယ်အရှေ့ပိုင်းသို့မဟာဓာတ်အားလိုင်းသွယ်တန်းမှုကိုကွန်ဟိန်းမြို့အနီးတွေ့ရစဉ်/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၃

ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်ရန် တည်ဆောက်ရမည့် ၆၆ ကေဗွီ ဓာတ်အားခွဲစက်ရုံအတွက် မြေနေရာလက်ဝယ်မရသေးသည့်အတွက် ခွင့်ပြုဘတ်ဂျက်ငွေ ကျပြီးသော်လည်း တင်ဒါမခေါ်နိုင်သေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် မဟာဓာတ်အားလိုင် သွယ်တန်းမှုမှာ ကျိုင်းတုံမြို့အထိ မီးကြိုးတိုင်များ စိုက်ထူးပြီး ဖြစ်ကာ မီးကြိုးသွယ်တန်းမှုမှာ တာကော်တံတားကျော်လွန်လာပြီဖြစ်ကြောင်း၊ သို့သော် ကျိုင်းတုံမြို့တွင်း ဓာတ်အားဖြန့်ဖြူးရန်လိုအပ်သည့် ၆၆ကေဗွီဓာတ်အားခွဲစက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာမှာ လက်ဝယ်မရသေးသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဝန်ကြီးကပြောသည်။

“ဓာတ်အားခွဲရုံနေရာကို အရင်တုန်းက မီးရထားမြေနေရာစွန့်လွှတ်ထားတဲ့ မြေ ၄ဧကကို တင်ပြထားတာရှိတယ်။ အဲဒါကို ပြည်ထောင်စုဘက်ကနေ ရှမ်းပြည်နယ်အစိုးရကို လွှဲပေးလိုက်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်ရတာ အင်မတန်မှ မြန်ဆန်လာမယ်လို့ ယူဆတယ်” ဟု ၎င်းကပြောသည်။

ကျိုင်းတုံမြို့အတွက် ၆၆ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် ခွင့်ပြုဘဏ္ဍာငွေမှာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပါရှိပြီး ဖြစ်ပေမယ့် အဆိုပါ မြေနေရာအခက်အခဲကြောင့် တင်ဒါမခေါ်နိုင်သေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့အတွက် ဓာတ်အားခွဲရုံတည်ဆောက်ရန် ခွင့်ပြုဘဏ္ဍာငွေ ရရှိထားပြီး အဆိုပါမြို့နယ်များတွင် လာမည့် ၂၀၂၀ ခုနှစ်အတွင်း လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံး လာမည့် ၃နှစ်အတွင်း လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ပြောဆိုဖူးသည်။

MK – 001

MeKongNews

Leave a comment

Create your own website, free on WordPress.com.Create your own website.
Start free