
The Hague၊ ဒီဇင်ဘာ ၁၀
ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဘင်္ဂါလီ(ရိုဟင်ဂျာဟုလျှောက်တင်ရာတွင်သုံးနှုန်းထား)တွေရဲ့အတိဒုက္ခတွေအတွက် တောင်းပန်ရုံနဲ့တင်မလုံလောက်ဘူးလို့ ဂမ်ဘီယာနိုင်ငံရဲ့ရှေ့နေ ပေါ ရစ်ချလာက နိုင်ငံတကာတရားရုံး ICJမှာ လျှောက်တင်လိုက်ပါတယ်။
ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးကွန်ဗင်းရှင်းကိုချိုးဖောက်ထားလို့ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းစဉ်တွေစတင်ဖို့ နိုဝင်ဘာ ၁၁ ရက်မှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။
လက်ရှိလည်း မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေထပ်ဖြစ်နေပြီး မြန်မာနိုင်ငံကလည်း ကျူးလွန်ခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုနေတုန်းလို့လည်း ရစ်ချလာကပြောပါတယ်။
ဒီနေ့လျှောက်တင်မှုမှာ မြန်မာအစိုးရကပြည်ဝင်ခွင့်ပိတ်ထားတဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFMရဲ့အချက်အလက်တွေကိုကိုးကားပြီး လျှောက်တင်ခဲ့ကြပါတယ်။
ဒီနေ့လျှောက်တင်မှုမှာ တပ်မတော်က ဘင်္ဂါလီအမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တာတွေ၊ မီးရှို့တာတွေနဲ့ ဘင်္ဂါလီတွေရဲ့ စိုက်ပျိုးမြေတွေကိုပါသိမ်းယူခဲ့တာတွေရှိတယ်ဆိုပြီးလည်း FFMကိုကိုးကားပြီး မြန်မာနိုင်ငံကို စွပ်စွဲခဲ့ပါတယ်။
၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ARSAအကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေမှာပါဝင်တဲ့အတိုင်း ဘင်္ဂါလီတွေကို စိစစ်လက်ခံသွားမယ်လို့ မြန်မာအစိုးရဘက်ကပြောထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပြန်လည်လက်ခံရေးသဘောတူစာချုပ်လည်း လက်မှတ်ရေးထိုးထားပေမဲ့ တရားဝင်လမ်းကြောင်းကနေပြန်လာသူတွေမရှိသေးဘဲ မိမိဆန္ဒအလျောက်ပြန်လာသူရာဂဏန်းသာရှိနေပါတယ်။
The Hagueမှာကြားနာမှုလုပ်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းတွေကဘင်္ဂါလီတွေက တောင်ကုန်းတစ်ခုပေါ်တက်ပြီး ဂမ်ဘီယာ၊ ဂမ်ဘီယာလို့ ကြွေးကြော်ဟစ်အော်ခဲ့ကြတယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။
ဒီနေ့ကတော့ ဂမ်ဘီယာနိုင်ငံလျှောက်ထားတဲ့နေ့ဖြစ်ပြီး မနက်ဖြန်မှာတော့ မြန်မာနိုင်ငံဘက်က လျှောက်ထားမှာပါ။
ဒီဇင်ဘာ ၁၂ ရက်မှာတော့ နှစ်နိုင်ငံစလုံးက မျက်နှာစုံညီလျှောက်ထားမှာဖြစ်ပြီး တစ်ဖက်ကိုမိနစ် ၉၀ အချိန်ရမယ်လို့ ICJက ထုတ်ပြန်ထားပါတယ်။
Photo- Screenshot from ICJ Livestream