ဝမ်ပုံဆိပ်ကမ်းမှတဆင့်လာအိုနိုင်ငံဘက်သို့ သွားလာရန်ပြင်ဆင်နေသည့် မြန်မာနိုင်ငံသားများ/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်းသည် နိုင်ငံတကာ နယ်နမိတ်ထိစပ်မှု ရှည်လျားပြီး ရွှေ့ပြောင်းသွားလာသူ များပြားသော်လည်း ၎င်းးတို့ကို ပညာပေး ကူညီသည့် အဖွဲ့အစည်းများ အားနည်နေသေးကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ထောက်ပြပြောဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသည် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် အဆိုပါနိုင်ငံများသို့ သွားရောက်ရန် ပြည်တွင်းမှ ရွှေ့ပြောင်းသွားလာသူများ များပြာသလို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့လည်း ပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ များပြားကြောင်း၊ သို့သော် ရွှေ့ပြောင်းသွားလာသူများကို လိုအပ်သည့် အသိပညာနှင့် အကူအညီပေးသည့် အဖွဲ့အစည်းအနေဖြင့် အလွန်နည်းပါးနေသေးကြောင်း ဦးဝင်းမြတ်က ပြောသည်။

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား-တာချီလိတ်/ Photo by MeKong News

“ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းတွေကလဲ အများကြီး။ ဝင်လာတဲ့လူကလဲ တစ်ရက်ကို ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေတယ်။ အဲလိုသွားလာတဲ့သူတွေကို ပညာပေးတဲ့အဖွဲ့အစည်း များများမရှိသေးဘူး။ အခုဆိုရင် မော်ကွမ်းဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ဖွဲ့ရှိမယ်။ ဒါလောက်ပဲ” ဟု ၎င်းက ပြောသည်။

ကြက်ခြေနီအဖွဲ့အနေဖြင့် လူသာချင်းစာနာထောက်ထားသည့် အကူအညီများကို တတ်နိုင်သမျှ ပေးနေသော်လည်း သွားရောက်နေသူများနှင့် ကူညီသူအရေအတွက်မှာ မတန်တဆနည်းနေဆဲဖြစ်ကြောင်း ဦးဝင်းမြတ်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများ များပြားလာသည်ကို တွေ့မြင်သော်လည်း ပညာပေးကူညီနေသည့် အဖွဲ့အစည်းအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည့် အခြေအနေတွင် ရှိသေးကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး ဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စုစုလင်းက ပြောသည်။

လာအိုဘက်သို့သွားရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများ/ Photo by MeKong News

“အသိပညာပေးတယ်ဆိုတာရဲ့ နောက်ဆက်တွဲမှာလည်း ငွေကြေးလိုအပ်မှုက လုပ်ငန်းစဉ်တိုင်းက ရှိတတ်ကြတယ်။ အားလုံးက သတ်မှတ်ထားတဲ့ ငွေကြေးပမာဏအတွင်းက လုပ်နေကြရတာ။ ဒိထက်ပိုပြီး ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေများလာရင်တော့ အကောင်းဆုံးပေါ့” ဟု၎င်းက ပြောသည်။

ထို့ပြင်ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တိုင်းရင်းသား လူမျိုးစုများ များပြားပြီး ဘာသာစကား အခက်အခဲကြောင့် ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပတ်သက်၍ ပညာပေးရာတွင် အားနည်းချက်များရှိနေပြီး တိုင်းရင်းသားများ ကိုယ်တိုင်လဲ လာရောက် အကူအညီတောင်းခံမှု နည်းပါးကြောင်းသိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ သွားရောက်အလုပ်လုပ်ကိုင်မှု များပြားသော်လည်း တိကျသည့် အရေအတွက်ကို စစ်တမ်းကောက်ယူမှု အားနည်းမှုကြောင့် အချက်အလက်ပိုင်း ရရှိမှုလည်း အားနည်းလျက်ရှိသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started