
တာချီလိတ်၊ ဒီဇင်ဘာ ၁၈
တာချီလိတ်မြို့နယ်အတွင်းမှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အချက်အလက်များ ပိုမိုရရှိနိုင်ရန်အတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့-ILO က စီစဉ်နေကြောင်း ILO ၏ အမျိုးသားစီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဆာမွန်းထွယ်က ပြောသည်။
တာချီလိတ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားသို့ တက်ရောက်စဉ် သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်းမှ ရွှေ့ပြောင်းလုပ်သားများမှာ တိုင်းရင်းသားများ အများစုဖြစ်သည့်အတွက် ရွှေ့ပြောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ အသိပညာဗဟုသုတများကို ၎င်းတို့ ဘာသာစကားဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရွှေ့ပြောင်းအရင်းအမြစ်စင်တာမှ တစ်ဆင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါ်ခွန်ဆာမွန်းထွယ်က ပြောသည်။
“တိုင်းရင်းသား ဘာသာစကားတတ်တဲ့ MRC (ရွှေ့ပြောင်းရင်းမြစ်စင်တာ)က ဝန်ထမ်းတွေအပြင် စေတနာ့ဝန်ထမ်းတွေနဲ့ ကျေးရွာတွေအထိ ကွင်းဆင်းပြီး သတင်းအချက်အလက်တွေကို ပေးသွားမှာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။
ILOအနေဖြင့် တာချီလိတ်မြို့နယ်အတွင်း နောက်ထပ် လုပ်ငန်းအသစ်များ လုပ်ဆောင်ရန် မရှိဘဲ ရွှေ့ပြောင်းရင်းမြစ်စင်တာ – MRC ၏ ရည်မှန်းချက်များကိုသာ အောင်မြင်အောင် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း ပြောသည်။
တာချီလိတ်မြို့နယ်ရှိ ရွှေ့ပြောင်းရင်းမြစ်စင်တာ – MRCကို ၂၀၁၉ ခုနှစ် မေလအတွင်းက အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ILO နှင့် မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
MK – 001