တာချီလိတ်၊ ဒီဇင်ဘာ ၂၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်နေသည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် – Case Management Program – CMP စနစ်ဖြင့် မှုခင်းများအား မြန်ဆန်စွာ စစ်ဆေးခြင်းကို တာချီလိတ်ခရိုင် တရားရုံးတွင် လာမည့် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ရက်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် တရားရုံးမှ သိရသည်။

တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၀)၏ မဟာဗျူဟာ လုပ်ငန်းနယ်ပယ် (၅)ဖြစ်သော ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန် အတွက် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် – Case Management Program – CMP စနစ်ကို ခရိုင်တရားရုံး (၂၅)ရုံးနှင့် မြို့နယ်တရားရုံး (၁၀၉)ရုံးတွင် ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ စတင်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ယင်းထဲတွင် တာချီလိတ်ခရိုင်တရားရုံးလည်း ပါဝင်ကြောင်း သိရသည်။

“ဒီစနစ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဒီဇင်ဘာလ ၂၉ရက်မှာ တာချီလိတ်မှာ လာရောက်ရှင်းလင်းပါမယ်” ဟု တာချီလိတ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ သတင်းမီဒီယာများကို ဖိတ်ကြားသွားမည်ဖြစ်သလို တာချီလိတ်မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူများလည်း တက်ရောက်နားထောင် မေးမြန်းနိုင်ကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started