Photo- King-oua Laohong/ Bangkok Post ရှေ့နေဆူရာပေါင်(အလယ်)၊ အမှုသည်ပင်နာပါ(ဝဲ ဒုတိယ)နှင့် ရဲဒုတိယဗိုလ်မှူးကြီးရှာနီ(ယာ ဒုတိယ)တို့ကို ဘန်ကောက်ရှိ DSIရုံးတွင် တနင်္လာနေ့ကမြင်တွေ့ရစဉ်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၃

ကရင်တက်ကြွလှုပ်ရှားသူဖိုးလကြီး ရက်ချောင်ချာရွန် (ဘီလီ) ကို ကြိုတင်ကြံစည်သတ်ဖြတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုများဖြင့် ကန်ကရာချန်အမျိုးသားပန်းခြံတာဝန်ခံချိုင်ဝတ် လင်လီကစ် အက်ဆွန်ကို အမှု ၆ မှုဖြင့်တရားစွဲဆိုရန် ထိုင်းအထူးစုံစမ်းရေးဌာန DSIက အတည်ပြုပေးလိုက်သည်။

ချိုင်ဝတ်နှင့်အခြား ၃ ဦးကို ကြိုတင်ကြံစည်သတ်ဖြတ်မှု၊ ဥပဒေပထိန်းသိမ်းမှု၊ လက်ရောက်မှု၊ လုယက်မှု၊ အလောင်းဖျောက်ဖျက်မှုနှင့် မလျော်သြဇာသုံးမှုတို့ဖြင့် စွဲချက်တင်လိုက်သည်ဟု ဖိုးလကြီးဇနီးရဲ့ရှေ့နေ ဆူရာပေါင် ခွန်ချန်သူ့က DSIရုံးမှာ တနင်္လာနေ့ကပြောသည်။

“ဘီလီက ရန်သူမရှိတဲ့ လူ့အခွင့်အရေးတက်ကြွသူဆိုတော့ DSIအမှုက ကမ္ဘာ့အာရုံစိုက်ခံရတယ်။ စွဲချက်တွေကို အတည်ပြုပေးလိုက်တဲ့ဆုံးဖြတ်ချက်က ထိုင်းတရားရေးစနစ်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုတာ နိုင်ငံတကာကိုပြလိုက်တာပဲ။ ဒါဟာ လူ့အခွင့်အရေးနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ လူတွေကိုလည်း ယုံကြည်မှုရစေတယ်” ဟု ဆူရာပေါင်ကဆိုသည်။

စုံထောက်များ၏ အစီရင်ခံစာများပါဝင်သည့် ဖိုင် ၁၇ ဖိုင်ကို ထိုင်းရှေ့နေချုပ်ရုံးထံ တနင်္လာနေ့တွင် တင်သွင်းသွားမည်ဖြစ်ပြီး အစီရင်ခံစာကိုင်တွယ်ရန် ပြည်သူ့ရှေ့နေများတွင် အချိန်ရက် ၄၀ ရှိသည်ဟု DSIမှ ဒေသစစ်ဆင်ရေးအရာရှိချုပ် ရဲဒုတိယဗိုလ်မှူးကြီးရှာနီ ကန်ချာနာပတ်ကပြောသည်။

ယခုဖြစ်ရပ်အတွက် DSIက လူသက်သေ၊ ပစ္စည်းသက်သေစုဆောင်းရာတွင် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်ဟုလည်း ပြောသည်။

စွဲဆိုခံထားရသူများတင်မည်ဟု ပြောထားသောသက်သေထွက်ဆိုချက် မတင်နိုင်ခဲ့ဟုလည်းပြောသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ထွက်ဆိုချက်တင်ရန် DSIကနောက်ဆုံးအချိန်သတ်မှတ်ခဲ့သည်။

DSI၏ဆောင်ရွက်ချက်များကို ကျေနပ်သည်ဟု ဖိုးလကြီး၏ဇနီးသည်ပင်နာပါ ပရွတ်ဆာပန်ကပြောသည်။

တရားရေးစနစ်အလုပ်ဖြစ်ကြောင်းပြသနေပြီး ထိုင်းတရားရေးဝန်ကြီးဌာနက သူ့ကိုကောင်းကောင်း စောင့်ရှောက်ထားသည့်အပြင် ခြိမ်းခြောက်မှုများလည်းရှိမကြောင်း ထပ်မံပြောသည်။

အသက် ၃၁ နှစ်ဖိုးလကြီးသည် ၂၀၁၄ ခုနှစ်၊ ဧပြီတွင်ပျောက်ဆုံးခဲ့သည်။

ဖတ်ချာဘူရီခရိုင်ရှိ ကန်ကရာချန်အမျိုးသားပန်းခြံအတွက် မြေသိမ်းယူရာတွင် ဝါးတဲများနှင့် စပါးကျီများကို မီးရှို့ခံခဲ့ရသည်ဟုဆိုသည့် သူ၏ဆွေမျိုးများက ချိုင်ဝတ်ကိုတရားစွဲနိုင်ရန် ဖိုးလကြီးကူညီခဲ့သည်။

တောထဲတွင် တရားမဝင်ပျားဖွတ်နေသည်ဟုဆိုပြီး ချိုင်ဝတ်နှင့်အရာရှိများက ဖိုးလကြီးကိုဖမ်းဆီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဧပြီတွင် ဖိုးလကြီးကိုနောက်ဆုံးမြင်တွေ့ခဲ့ရသည်။

ယခုနှစ်နိုဝင်ဘာတွင် ချိုင်ဝတ်နှင့်အခြား ၃ ဦး DSIထံတွင် အဖမ်းခံခဲ့ပြီး စွဲချက်များကိုငြင်းဆိုခဲ့သည်။

DSIက သူတို့ကိုထိန်းသိမ်းခဲ့သော်လည်း အကျင့်ပျက်ခြစားမှုနှင့် မလျော်သြဇာသုံးမှုများဆိုင်ရာ ဗဟိုမှုခင်းတရားရုံးက သူတို့ကို တစ်ဦးလျှင်ဘတ် ၈ သိန်းစီဖြင့် အာမခံပေးခဲ့သည်။

အမျိုးသားပန်းခြံထဲတွင် ယုံကြည်ရသောသက်သေများတွေ့ခဲ့သည်ဟု DSIက အစောပိုင်းတွင်ပြောဖူးပြီး ဖိုးလကြီးကိုသတ်ပြီး ကန်ကရာချန်ရေလှောင်တမံတွင် မြှုပ်ထားသည်ဟုယုံကြည်ရကြောင်းလည်းပြောသည်။

Source-Bangkok Post

ဥက္ကာ

Photo- King-oua Laohong/ Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started