တာချီလိတ်၊ ဇနနဝါရီ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း – MPT ၏ကြိုးဖုန်းများကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကြိုးဖုန်းများ၏ ယခင်ကြိုးလိုင်းများကို ဖိုက်ဘာကြိုးဖြင့် အစားထိုးတပ်ဆင်ခြင်း ဖြစ်ပြီး အစားထိုတပ်ဆင်ပြီးသည့် ကြိုးဖုန်းများ အနေဖြင့် ဖုန်းပြောရုံသာမက အင်တာနက်ပါ သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုဌာနခွဲ၏ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရှုအေးက ပြောသည်။

“လုပ်ငန်းက အခုစနေပြီ။ ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းခေါ်ပါတယ်။ စစချင်းမှာ အင်တာနက်ကို (၂)လ အခမဲ့ ပေးသုံးလိုက်မယ်။ ကြိုက်တယ်ဆိုမှ ထပ်ယူပေါ့” ဟု ၎င်းက ပြောသည်။

ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးဆုံးပါက မြို့တွင်းရှိ ဖုန်းကြိုးများကို ဖြုတ်သိမ်းသွားမည် ဖြစ်သည့်အတွက် ရှုပ်နေသည့် လိုင်းကြိုးအဟောင်းများ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဒေါ်ရှုအေးက ပြောသည်။

“အခုသုံးထားတာက Metallic Cable(သတ္တုကြိုး) လို့ခေါ်တယ်။ သူ့နေရာမှာ ဖိုက်ဘာကြိုးတွေသုံးမှာ။ အခုရှုပ်နေတဲ့ လိုင်းကြိုးအဟောင်းတွေ အဲဒီအချိန်ကျ မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့်တာချီလိတ် မြို့နယ်အတွင်းရှိ ကြိုးဖုန်းများကို အဆင့်မြှင့်တင်ပြီးပါက ကျန်သည့် အခြားမြို့နယ်များရှိ ကြိုးဖုန်းများကိုပါ အဆင့်မြှင့်တင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Create your own website, free on WordPress.com.Create your own website.
Start free