
တာချီလိတ်၊ ဇန်နဝါရီ ၁၄
တာချီလိတ်မြို့နယ်အတွင်း တရားဝင် ပြည်ဝင်ခွင့်လက်မှတ် အထောက်အထား တစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်နေထိုင်သည့်အတွက် တရားရုံးမှ ထောင်ဒဏ်(၆)လ (သို့မဟုတ်) ဒဏ်ငွေ ကျပ်(၅)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရသည့် ထိုင်းနိုင်ငံသူ (၃)ဦးသည် ဒဏ်ငွေ ကျပ်(၅)သိန်းစီ ပေးဆောင်ပြီးသည့်အတွက် ဇန်နဝါရီလ ၁၄ရက်တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၁၉ခုနှစ် ဇူလိုင်လ ၂ရက်က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာရှိ လယ်စောင့်တဲများတွင် တရားဝင် ထောက်အထား မရှိသည့် ထိုင်းနိုင်ငံသူ (၃)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ရက်တွင် တာချီလိတ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်(၅)သိန်း (သို့မဟုတ်) ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ရာ အဆိုပါ ထိုင်းနိုင်ငံသူ (၃)ဦးက ဒဏ်ငွေဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံသူ (၃)ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမည်ပျက်စာရင်းသွင်းပြီး မြန်မာနိုင်ငံတာဝန်ရှိသူများ မှ ထိုင်းနိုင်ငံတာဝန်ရှိသူများထံ ဇန်နဝါရီလ ၁၄ရက် နံနက်ပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။