ဘန်ကောက်မြို့ခံ ၄ သောင်းနီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများအတွက် ကုသမှုခံယူနေရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၄

၂၀၁၈ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းတွင် ဘန်ကောက်ရှိအဓိကခရိုင် ၂ ခုတွင် လူ ၄ သောင်းနီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများအတွက် ကုသမှုခံယူနေရကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနက တနင်္လာနေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ထိုခရိုင် ၂ ခရိုင်တွင် လေထုထဲရှိအန္တရာယ်ရှိသောအမှုန် လုံခြုံမှုမရှိသောအဆင့်ရှိနေသည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ဆိုင်ရာဌာနကလည်း တနင်္လာနေ့တွင် အစီရင်ခံခဲ့သည်။

“ဘန်ကောက်ရဲ့အဓိကခရိုင် ၂ ခုဖြစ်တဲ့ ဖရာနခွန်နဲ့ ဝမ်သောင်လန်တို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုထဲမှာ အန္တရာယ်ရှိတဲ့အမှုန် (PM 2.5)ပါဝင်မှု တစ်ကုဗမီတာကို ၃၁ ကနေ ၅၄ မီလီဂရမ်ပါဝင်နေပြီးတော့ ဘေးကင်းလုံခြုံတဲ့ပမာဏကတော့ တစ်ကုဗမီတာမှာ ၅၀ မိုက်ခရိုမီလီဂရမ်ဖြစ်ပါတယ်”လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ဆိုင်ရာဌာနက ထုတ်ပြန်သည်။

Source- Khaosod

ဥက္ကာ #MeKongNews

Photo- Khaosod

ပြစ်ဒဏ်အရ ဒဏ်ငွေဆောင်ပြီးသည့် ထိုင်းနိုင်ငံသူ (၃)ဦးကို ပြည်နှင်လွှဲပြောင်း

တာချီလိတ်၊ ဇန်နဝါရီ ၁၄

တာချီလိတ်မြို့နယ်အတွင်း တရားဝင် ပြည်ဝင်ခွင့်လက်မှတ် အထောက်အထား တစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်နေထိုင်သည့်အတွက် တရားရုံးမှ ထောင်ဒဏ်(၆)လ (သို့မဟုတ်) ဒဏ်ငွေ ကျပ်(၅)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရသည့် ထိုင်းနိုင်ငံသူ (၃)ဦးသည် ဒဏ်ငွေ ကျပ်(၅)သိန်းစီ ပေးဆောင်ပြီးသည့်အတွက် ဇန်နဝါရီလ ၁၄ရက်တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

၂၀၁၉ခုနှစ် ဇူလိုင်လ ၂ရက်က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာရှိ လယ်စောင့်တဲများတွင် တရားဝင် ထောက်အထား မရှိသည့် ထိုင်းနိုင်ငံသူ (၃)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ရက်တွင် တာချီလိတ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်(၅)သိန်း (သို့မဟုတ်) ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ရာ အဆိုပါ ထိုင်းနိုင်ငံသူ (၃)ဦးက ဒဏ်ငွေဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသူ (၃)ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမည်ပျက်စာရင်းသွင်းပြီး မြန်မာနိုင်ငံတာဝန်ရှိသူများ မှ ထိုင်းနိုင်ငံတာဝန်ရှိသူများထံ ဇန်နဝါရီလ ၁၄ရက် နံနက်ပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

MeKongNews

ရှမ်းအရှေ့တွင် MPT ကြိုးဖုန်းအဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေ

တာချီလိတ်၊ ဇနနဝါရီ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း – MPT ၏ကြိုးဖုန်းများကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကြိုးဖုန်းများ၏ ယခင်ကြိုးလိုင်းများကို ဖိုက်ဘာကြိုးဖြင့် အစားထိုးတပ်ဆင်ခြင်း ဖြစ်ပြီး အစားထိုတပ်ဆင်ပြီးသည့် ကြိုးဖုန်းများ အနေဖြင့် ဖုန်းပြောရုံသာမက အင်တာနက်ပါ သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုဌာနခွဲ၏ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရှုအေးက ပြောသည်။

“လုပ်ငန်းက အခုစနေပြီ။ ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းခေါ်ပါတယ်။ စစချင်းမှာ အင်တာနက်ကို (၂)လ အခမဲ့ ပေးသုံးလိုက်မယ်။ ကြိုက်တယ်ဆိုမှ ထပ်ယူပေါ့” ဟု ၎င်းက ပြောသည်။

ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးဆုံးပါက မြို့တွင်းရှိ ဖုန်းကြိုးများကို ဖြုတ်သိမ်းသွားမည် ဖြစ်သည့်အတွက် ရှုပ်နေသည့် လိုင်းကြိုးအဟောင်းများ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဒေါ်ရှုအေးက ပြောသည်။

“အခုသုံးထားတာက Metallic Cable(သတ္တုကြိုး) လို့ခေါ်တယ်။ သူ့နေရာမှာ ဖိုက်ဘာကြိုးတွေသုံးမှာ။ အခုရှုပ်နေတဲ့ လိုင်းကြိုးအဟောင်းတွေ အဲဒီအချိန်ကျ မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့်တာချီလိတ် မြို့နယ်အတွင်းရှိ ကြိုးဖုန်းများကို အဆင့်မြှင့်တင်ပြီးပါက ကျန်သည့် အခြားမြို့နယ်များရှိ ကြိုးဖုန်းများကိုပါ အဆင့်မြှင့်တင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MK – 001

MeKongNews

ဆေးခြောက်လျှော် တရားဝင်စိုက်ပျိုး လုပ်ကိုင်နိုင်ရေး လွှတ်တော်တွင် လုပ်ဆောင်မည်

Photo by Wai Moe(NPT)

နေပြည်တော်၊ ဇန်နဝါရီ ၁၄
ဝေမိုး(နေပြည်တော်)

ဆေးခြောက်နွယ်ဝင် စက်မှုလျှော် (Hemp)အား တရားဝင်စိုက်ပျိုးလုပ်ကိုင်နိူင်ရေး ပြည်သူ့လွှတ်တော်မှတဆင့် ပြင်ဆင်ချက် ဥပဒေအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌဖြစ်သူ ဦးရန်လင်းမှ ပြောသည်။

Fall Armyworm (FAW) ငမြှေင်တောင်ပိုးကျရောက်မှုကို အရေးတုံ့ပြန်နိူင်ရန် စောင့်ကြည့်ခြင်း ကြိုတင်သတိပေးခြင်း နည်းပညာစွမ်းရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးကို ဇန်နဝါရီလ ၁၀ရက်က နေပြည်တော် အမရာဟိုတယ်၌ ကျင်းပခဲ့ရာ အထက်ပါအတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥပဒေပြင်ဖို့အတွက် ပြီးခဲ့တဲ့ အစည်းအဝေးမှာ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးနဲ့လည်း တော်တော် များများပြောခဲ့ပြီးပါပြီ ဝန်ကြီးကလည်း သဘောတူပါတယ်။ ကျနော်တို့ နိုင်ငံမှာ ပိုက်ဆံတွေ အများကြီးရနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ ဆေးဝါးလည်း ထုတ်လို့ရတဲ့ အပင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ သဘောတူပါ တယ်ပေါ့။ အခုဖွင့်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနက ဒါကိုု အမြန်ဆုံးစီစဉ်ပြီး ကျနော်တို့ လွှတ်တော်ကနေတဆင့် ပြင်ဆင်ချက်ဥပဒေကို ထုတ်ဖို့ရှိပါတယ်။ ဒါက ဥပဒေနဲ့ပက်သက်လို့ လုပ်ဆောင်မယ့် နှစ်ခုပါ”ဟု ဦးရန်လင်းကပြောသည်။

မြန်မာအိမ်နီးနားချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊လာအိုတို့တွင်လည်း စိုက်ပျိုးနေကြသလို တစ်ဧကလျင် စိုက်ပျိုးပြီးသား အပင်များအား ကျပ်(၁၅)သိန်းနှင့် (၁၆)သိန်းခန့် ရောင်းချ၍ ရနိူင်ပါကြောင်း ယင်းအား (CPT)ဟုခေါ်သည့် ဆေးများပါ ထုတ်ရောင်းမည်ဆိုပါက ဝင်ငွေအများအပြား ရနိူင်သလို နည်းပညာများ လိုအပ်နေသေးကြောင်း ဦးရန်လင်းမှ ဆိုခဲ့သည်။

“အခု၁၅ကြိမ်မြောက် လွှတ်တော်ပြန်စတဲ့အခါမှာ ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်။ ပထမဦးစားပေးလုပ်မယ့် ကိစ္စကတော့ Hemp လို့ခေါ်တဲ့ ဆေးခြောက်နွယ်ဝင် စက်မှုလျှော်ကို လက်ရှိမြန်မာ့ဥပဒေ အရဆိုရင် ဆေးခြောက်အနွယ်ဝင်ထဲမှာ ပါတဲ့အတွက် တရားဝင်စိုက်လို့မရပါဘူး။ ဒါကြောင့်မို့သူ့ကို တရားဝင်စိုက်လို့ရအောင် မူးယစ်စေတတ်တဲ့ ဓာတ်ပေါင်း သုံးရာခိုင်နှုန်းထက်နည်းတဲ့ ဆေးခြောက်မျိုးနွယ် အပင်တွေ(စက်မှုလျှော်)ကို နိူင်ငံတကာမှာ စိုက်ပျိုးလို့ရနေပါပြီ။ အဲ့ဒီကနေ ပစ္စည်းအမျိုးပေါင်း (၅)သောင်းလောက် ထုတ်ပါတယ်”ဟု ၎င်းက ပြောသည်။

ဆေးခြောက်ပင်များ တရားဝင် စိုက်ပျိုးလုပ်ကိုင်နိူင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများ အလုပ်အကိုင်နှင့် နိူင်ငံခြားငွေရရှိရေးတို့အတွက် ကမ်ပိန်းများ ပြုလုပ်မှုရှိခဲ့သလို ဦးဆောင်သူအချို့အား အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

Hemp အား တရားဝင်ခွင့်ပြုမည်ဆိုပါက လက်ရှိပြဌာန်းထားသည့် မူးယစ်ဥပဒေများအား ပြင်ဆင်ပေးရမည်ဖြစ်သလို အသစ်ပြင်ဆင်မည့် ဥပဒေတွင်လည်း ဆေးခြောက်သုံးစွဲသူများအတွက် မည်ကဲ့သို့ အရေးပါအရာရောက်သည့် ဥပဒေများ ပြဌာန်းချက်များ ပါဝင်မည့်အပေါ် အရေးကြီးကြောင်း ပညာရှင်အချို့မှ ထောက်ပြထားသည်။

သုတေသီအချို့၏ လေ့လာမှတ်တမ်းများအရ (Hemp)ဆေးခြောက်အပင်များသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုနည်းပါသလို အောက်ဆီဂျင် ထုတ်လုပ်မှုအပိုင်း၌ အခြားအပင်များထက်ပိုကြောင်း သိရှိရသလို အိမ်နီးချင်း ထိုင်းနိူင်ငံတွင်လည်း ယင်းအပင်အား အကန့်အသတ်ဖြင့် တရားဝင် စိုက်ပျိုးခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

MeKongNews

ထိုင်းတွင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်လူနာ ပထမဆုံးတွေ့ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၁၃

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှပြန်လာသော အသက် ၆၁ နှစ်အရွယ်တရုတ်အမျိုးသမီးတစ်ဦးထံတွင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ပထမဆုံးတွေ့ရှိခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုအမျိုးသမီးအခြေအနေ မစိုးရိမ်ရကြောင်းနှင့် လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၃ ရက်မှစ၍ ဝူဟန်မြို့မှ လာသောခရီးသည်များကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးကတ်နှင့်ချင်းမိုင်လေဆိပ်များတွင် စောင့်ကြည့်နေကြပြီး အများပိုင်နှင့် ပုဂ္ဂလိကပိုင်ဆေးရုံများတွင်လည်း စောင့်ကြည့်မှုမြှင့်တင်ခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချာဗီရာကူးက တနင်္လာနေ့တွင်ပြောသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာပြသူ ၁၂ ဆယာက်ရှိနေသော်လည်း အများစုမှာရာသီတုပ်ကွေးသာဖြစ်ပြီး တနင်္ဂနွေနေ့ကစမ်းသပ်ရာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ကုသမှုပေးပြီး တရုတ်နိုင်ငံပြန်ရန် အဆင်သင့်ရှိနေကြောင်း အနုတင်က အသိပေးသည်။

ဝန်ကြီးဌာနတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေစစ်ဆေးမှုလုပ်နိုင်စွမ်းရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လေဆိပ်များရှိဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံသားများနှင့် ကမ္ဘာ့လှည့်ခရီးသည်များကြား ယုံကြည်မှုရရန်ဆောင်ရွက်နေကြောင်းလည်း အနုတင်ကအသိပေးသည်။

ဝူဟန်မြို့မှပြန်လာပြီး ၁၄ ရက်အတွင်း ဖျားနာ၊ လည်ချောင်းနာ၊ နှာရည်ယို၊ အသက်ရှူကြပ်မှုများခံစားနေရပါက နီးစပ်ရာဆရာဝန်ထံဖြစ်စေ၊ ရောဂါကူးစက်မှု ထိန်းချုပ်ရေးဌာနထံဖြစ်စေ ဆက်သွယ်အသိပေးနိုင်သည်ဟုလည်း ထုတ်ပြန်သည်။

Source- The Nation

ဥက္ကာ #MeKongNews

Photo- Healthy Living Environment Program

လမ်းဖြတ်ကူးသည့် ကိုရင်လေး ကားတိုက်ခံရပြီး သေဆုံးပျံလွန်တော်မူ

တာချီလိတ်၊ ဇန်နဝါရီ ၁၃

လမ်းဖြတ်ကူးလာသည့် ကိုရင်လေးတစ်ပါကို တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမှ လေယာဉ်ကွင်းလမ်းဆုံဘက်သို့ လာသည့် ကားတစ်စီးမှ တိုက်မိရာ ပွဲချင်းပြီး သေဆုံးပျံလွန်တော်မူ သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ရက် ည ၈နာရီခန့်က တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်ရွာဘုန်ကြီးကျောင်းရှေ့ တွင် လမ်းဖြတ်ကူးလာသည့် အသက် (၁၁)နှစ် အရွယ် ကိုရင်နာလထကို တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမှ လေယာဉ်ကွင်းလမ်းဆုံဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးမှ တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် ကိုရင်နာလထမှာ သေဆုံးပျံလွန်တော်မူသွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

တိုက်မိသည့် ကားမှာ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

သြစတြေးလျတောမီးထိန်းနိုင်ပြီဟု မီးသတ်သမားများပြော

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၃

တနင်္လာနေ့တွင် သြစတြေးလျနိုင်ငံ၏ ဧရာမမီးတောက်ကို ထိန်းချုပ်နိုင်ပြီဟု သြစတြေးလျမီးသတ်သမားများ ကပြောသည်။

ဂေါ့စပါတောင်တန်းပေါ်တွင် သုံးလနီးနီးလောငိနေသောတောမီးကို အသာစီးရခဲ့ပြီဟု နယူးဆော့သ်ဝေးပြည်နယ် မီးသတ်တပ်ဖွဲ့ကပြောသည်။

မီးလောင်သည့်နေရာတချို့ ကျန်နေသော်လည်း အ​ခြေအနေအသာစီးရနေပြီဟု မီးလောင်ပြင်ထံတနင်္လာနေ့တွင် သွားရောက်ခဲ့သည့် နယူးဆော့သ်ဝေးပြည်နယ်တောမီးသတ်ရေးဌာန မဟာမင်းကြီး ရှိန်း ဖစ်ဇ်ဆိုင်မွန်ကပြောသည်။
လာမည့်တစ်ပတ်တွင် မိုးရေချိန် ၅၀ မီလီမီတာခန့်ရွာနိုင်သည်ဟု သြစတြေးလျမိုးလေဝသဌာနက ခန့်မှန်းထားသည်။

နောက်ထပ်နေရာဒါဇင်ချီတွင်တော့ မီးငြိမ်းရန်လိုနေသေးသည်။

‌ဒေသခံများနှင့် တောရိုင်းတိရစ္ဆာန်များကိုကူညီရန် ကမ္ဘာတစ်ဝန်းမှဝိုင်းဝန်းကူညီပေးနေကြသည်။

Source-AFP

ဥက္ကာ#MeKongNews

Photo- ABC

သတင်းကိစ္စနှင့် ပတ်သက်ပြီး ငွေကြေးရယူသည့် သတင်းသမားများကို မီဒီယာကောင်စီ သတိပေး

တာချီလိတ်၊ ဇန်နဝါရီ ၁၃

သတင်းမီဒီယာသမားများ အနေဖြင့် သတင်းကိစ္စနှင့် ပတ်သက်ပြီး ငွေကြေးရယူမှုများအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတိပေးချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ ၁။ သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများတွင် လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း၊ သတင်းရယူ ဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း သိရှိရပါသည်။
.
၂။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၃ (ခ) အရ ‘သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည် နိုင်စေရန်’ ဟု ဖော်ပြထားပါသည်။ ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အများပြည်သူများ ယုံကြည်မှုရှိစေရန်အတွက် သတင်းမီဒီယာသမားများသည် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကိုတိကျစွာ လိုက်နာရန် တာဝန်ရှိပါသည်။
.
၃။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၂) အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။
.
၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကို စောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များ က သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ရန် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ အရ အခွင့်အာဏာရှိပါသည်။ သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
.
၅။ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင်မှုများ တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အီးမေးလ် mmpresscouncil@gmail.com ၊ ဖုန်း- 09448026326) သို့ တိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူ၏ အမည်ကိုလည်း လျှို့ဝှက် ထားပေးမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာသမား ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် ပြင်ဆင်နေပြီး ပြည်သူများအနေဖြင့်လည်း သတင်းမီဒီယာသမား အမည်ခံကာ ခြိမ်းခြောက်မှုများ၊ ငွေကြေးတောင်းခံမှုများ ရှိပါက ဖော်ပြပါ လိပ်စာများကို ကူညီတိုင်ကြားရန် မဲခေါင်သတင်းဌာနမှ တဆင့်ပြောဆိုလိုက်သည်။

MK – 001

MeKongNews

ရွှေစက်တော်ဘေးမဲ့တောတွင် အစောင့်ဖြင့်ထိန်းသိမ်းထားသည့် ကြယ်လိပ် အကောင် ၁၅၀ကျော် ခိုးယူခံရ

တာချီလိတ်၊ ဇန်နဝါရီ ၁၃

ရှားပါးမျိုးစိတ်ဖြစ်သည့်အတွက် အစောင့်များချထားကာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရွှေစက်တော် ဘေးမဲ့တော့မှ ကြယ်လိတ် ၁၅၇ ကောင်ကို ဇန်နဝါရီလ ၁၃ရက် နံနက်အစောပိုင်းက ခိုးယူခံခဲ့ရကြောင်း ရွှေစက်တော်ဘေးမဲ့တောမှ သိရသည်။

ရှားပါးကြယ်လိပ်များကို ထိန်းသိမ်းထာသည့် နေရာတွင် ညဘက်၌အစောင့် ၂ဦး ပုံမှန်ချထားသော်လည်း အစောင့် တစ်ဦးမှာ နေမကောင်းသဖြင့် ခွင့်ယူထားချိန်တွင် ယခုကဲ့သို့ ခိုးယူခံရခြင်းဖြစ်ကြောင်း ရွှေစက်တော်ဘေးမဲတော့မှ တာဝန်ကျ တောအုပ်တစ်ဦးက မဲခေါင်သတင်းဌာနသို့ပြောသည်။

“အစောင့်တစ်ယောက်ပဲ ကျန်တော့ အဲဒီအစောင့်ကလည်း ည ၁နာရီထိုးလောက်မှာ လိုက်စစ်သေးတယ်။ အဲဒီအချိန်မှာ ဘာမှမဖြစ်သေးဘူး။ ပြီးတော့ သူကအိပ်ပျော်သွားပြီး မနက် ၅နာရီလောက်နိုးတော့ ခြံက ဖျက်ခံထားရတယ်။ အဲဒါနဲ့ အဆင့်ဆင့်ကို အကြောင်းကြားပြီး စစ်လိုက်တော့ အားလုံး ၁၅၇ ကောင်ပျောက်နေတယ်” ဟု ၎င်းက ပြောသည်။

ရွှေစက်တော် ဘေးမဲ့တောတွင် ထိန်းသိမ်းထားသည့် ကြယ်လိပ် ၃၂၆ ကောင်ရှိသည့်အနက် အကြီး ၂၆ကောင်နှင့် အလတ် ၁၃၁ ကောင်ခိုးယူခံရခြင်း ဖြစ်ပြီး ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း အဆိုပါ တောအုပ်က ပြောသည်။

“ဘယ်မှာ မှောင်ခိုးဈေးကွက်ရှိလို့ ဈေးဘယ်လိုပေါက်လဲတော့မသိဘူး။ ရဲစခန်းမှာတော့ ဒေသပေါက်ဈေး တစ်ကောင် ကျပ် ၃၀၀၀၀ နဲ့ အမှုဖွင့်ထားတယ်”ဟု ၎င်းကပြောသည်။

ရွှေစက်တော်ဘေးမဲ့တောတွင် ယခင်က ကြယ်လိပ်ခိုးယူခံရမှုများရှိသော်လည်း အကောင်ရေ ဆယ်ဂဏန်းခန့်သာ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် အများဆုံ ဖြစ်ကြောင်း သိရသည်။

ရှားပါကြယ်လိပ်များမှာ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ လောကနန္ဒာ ဘေးမဲ့တော၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းနှင့် ရွှေစက်တော် ဘေးမဲ့တောတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

MK – 001

MeKongNews

လက်ရှိအစိုးရ (၄)နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးခဲ့ဟု RCSS ဆို

(၈)ကြိမ်မြောက် JICM အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပစဉ်/ Photo by NRPC

တာချီလိတ်၊ ဇန်နဝါရီ ၁၂

လက်ရှိအစိုးရလက်ထက် (၄)နှစ်တာ ကာလအတွင်း တစ်ဆို့မှုတွေရှိခဲ့သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တော်တော်လေး နှောင့်နှေးခဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးစိုင်းမိဏ်းက ပြောသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးသို့ တက်ရောက်ပြီး အပြန် တာချီလိတ်လေဆိပ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်တွင် ရှေ့ပိုမိုရောက်ရှိသလဲဆိုသည့် မဲခေါင်သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် “ဘယ်အစိုးရလက်ထက်မှာရယ်လိုတော့ မပြောလိုဘူးပေါ့လေ။ ဒီ (၄)နှစ်တာကာလအတော်တွင်းမှာတော့ တော်တော်လေးကို နှောင့်နှေးသွားပါတယ်။ တစ်ဆို့မှုတွေ ရှိခဲ့လို့ပေါ့နော်”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမရှိသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ခွင့်’ ဆိုသည့် စကားလုံးများကို ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တပ်မတော်ဘက်မှ တင်သွင်းပြောဆိုလာသည့်အတွက် ဖြစ်ကြောင်း ငြိမ်းချမ်းရေးသုံးသပ်သူများက ပြောသည်။

အဆိုပါ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ခွင့်’ ဆိုသည့် စကားလုံးများ ပြောဆိုလာသည့်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များတွင် အင်အားကြီး အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် KNU နှင့် RCSS တို့က ၂၀၁၈ ခုနှစ်နှောင်းပိုင်း၌ ရှေ့ဆင့်နောက်ဆင့်ဆိုသလို တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမှ ရပ်ဆိုင်းခဲ့သည်။

ထို့သို့ ရပ်ဆိုင်းပြီးနောက် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းသွားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှသာ JICM အစည်းအဝေးကို နေပြည်တော်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

MK – 001

MeKongNews

Design a site like this with WordPress.com
Get started