ဘန်ကောက်၊ ဒီဇင်ဘာ ၂၅
တစ်နှစ်အတွင်းအောင်မြင်မှုများကိုအခြေခံပြီး ထိုင်းအစိုးရအဖွဲ့နှင့်ဝန်ကြီးများအတွက် စုပေါင်းပြီး နာမည်ပြောင်များပေးခြင်းသည် ထိုင်းအစိုးရအိမ်တော်ရှိသတင်းစာအဖွဲ့အစည်းများ၏ နှစ်ကုန်ကာလအစဉ်အလာဖြစ်သည်။
ပြီးခဲ့သည့် ၆ နှစ်အတွင်း ရွေးကောက်ခံအစိုးရမရှိခဲ့သဖြင့် ထိုအစဉ်အလာကိုကာလရှည်ရပ်တန့်ခဲ့ရပြီး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအနေနှင့် ယခုနှစ်တွင် အစိုးရအဖွဲ့နှင့်ဝန်ကြီးများကို နာမည်ပြောင်များပြန်ပေးခဲ့သည်။
အစိုးရအဖွဲ့အမည်ပြောင် – စီယန်ကုန်းအစိုးရ
စီယန်ကုန်းသည် ဘန်ကောက်ရှိ တစ်ပတ်ရစ်ကားပစ္စည်းများကို ဈေးပေါပေါဖြင့်ရောင်းချသောဈေးဖြစ်သည်။ လက်ရှိထိုင်းညွှန့်ပေါင်းအစိုးရတွင်ပါဝင်နေသူများမှာ သက်တမ်းရှည်နိုင်ငံရေးသမားများ၊ အစိုးရဟောင်းများမှနိုင်ငံတော်အဆင့်တာဝန်ရှိသူများပေါင်းစုထားသည့်အစိုးရအဖွဲ့ဖြစ်သောကြောင့် ယခုအမည်တွင်ရသည်။
ထိုင်းဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ၏အမည်ပြောင် – အရက်မူးလက်ဝှေ့သမား
သတင်းစာဆရာများ၏အမြင်တွင် ပရာရွတ်သည် စိတ်ရှုပ်ထွေးနေသောလက်ဝှေ့သမားတစ်ဦးနှင့်တူနေသည်။ အခြားပါတီများမှ အမတ်များကိုဆွဲဆောင်ခြင်း၊ ပြီးခဲ့သောနိုင်ငံရေးစုဝေးမှုများတွင်ပါဝင်ခဲ့သူများကို ဝန်ကြီးများအဖြစ်ခန့်ထားခြင်းနှင့် အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးခြင်းကဲ့သို့သော အများကြိုက်မူဝါဒများကိုဝေဖန်ခဲ့သော်လည်း လက်ရှိသူကိုယ်တိုင်ပြန်လည်ကျင့်သုံးနေသည်။ ထို့အပြင် အတိုက်အခံများထံမှမေးခွန်းများရှိလာသည့်အခါ စိတ်ရှုပ်ထွေးပုံရပြီး အခြေအနေတော်တော်များများတွင် အကြောင်းအရာပြောင်းလဲပြောဆိုခဲ့သည်။
ဒုဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်၏ နာမည်ပြောင် – ဖျော်ဖြေရေးသမားအစ်ကိုကြီး
P နှင့်စသောထိုင်းထိပ်တန်းခေါင်းဆောင် ၃ ဦးဖြစ်သည့် ပရာဝတ်၊ ပရာရွတ်နှင့် ပေါ့ အနူပေါင်တို့တွင်အကြီးဆုံးဖြစ်သည့် ပရာဝတ်သည် ညီငယ်များကိုစောင့်ရှောက်ရသော အစ်ကိုကြီးဖြစ်သည့်အပြင် ညွှန့်ပေါင်းအစိုးရအဖွဲ့အတွင်း နိုင်ငံတကာပဋိပက္ခများမှ ကြက်မွေးမြူရေးခြံအရှုပ်တော်ပုံအထိ ပြဿနာများကြုံရသောအခါ အစိုးရအဖွဲ့ဝင်များကို စိတ်ပြေအောင်လုပ်ပေးသူဖြစ်သည်။
ဒုဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတတ်၏ အမည်ပြောင် – မစ္စတာ ပရာချာရတ်
ဆွမ်ကစ်သည် ပြီးခဲ့သည့်ထိုင်းနိုင်ငံလူမှုဖူလုံရေး(ပရာချာရတ်)စီမံကိန်းများကို အစပြိုးခဲ့ပြီး အများစုမှာမအောင်မြင်ခဲ့သောကြောင့် အစိုးရအဖွဲ့ဝင်ပါတီများကြားတွင်ပင် စီမံကိန်းသစ်များ ထောက်ခံမှုမရဖြစ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပရာချာရတ်စီမံကိန်းများကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။
ဒုဝန်ကြီးချုပ်ဝိစာနူး ကရိယာနမ်- ဆရီ သာနွန်ချိုင်း
ထိုင်းအစိုးရ၏ဥပဒေရေးရာဂုရုတစ်ပါးဖြစ်သောဝိစာနူးကို ထိုင်းရိုးရာပုံပြင်များထဲမှ လှည့်စားတတ်ပြီး သမားရိုးကျသူရဲကောင်းစံနှုန်းများမရှိသည့် ဆရီ သာနွန်ချိုင်းနှင့်နှိုင်းယှဉ်ဖော်ပြထားသည်။ ခက်ခဲသည့်အခြေအနေများမှရုန်းထွက်နိုင်ရန် စည်းမျဉ်းစည်းကမ်းများနှင့်ဥပဒေ၊ နည်းဥပဒေများတွင် ဟာကွက်ရှာနိုင်သောအရည်အချင်းကြောင့် ဝိစာနူးနာမည်ကျော်သည်။
ဒုဝန်ကြီးချုပ်နှင့် စီးပွားကူးသန်းဝန်ကြီး ဂျူရင် လန်ဆာနာဝီဆစ်၏ အမည်ပြောင် – လွတ်လပ်သည့်နိုင်ငံတော်
ဂျူရင်သည် ဒီမိုကရတ်ပါတီမှဖြစ်ပြီး ပါတီမှတင်ပြသည့်အဆိုများအတွက် ညွှန့်ပေါင်းမိတ်ဖက်များ၏အမြင်ကိုဂရုမစိုက်ဘဲ သီးသန့်လည်ပတ်နေသကဲ့သို့ဖြစ်နေသောကြောင့် နာမည်ပြောင်ပေးရခြင်းဖြစ်သည်။
ဒုဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင် ချာဗီရာကူး၏အမည်ပြောင်- ကြွက်သတ်ဆေး
အနူတင်၏နာမည်ပြောင်သည် နူဖြစ်ပြီး ထိုင်းဘာသာဖြင့် ကြွက်ဟုအဓိပ္ပာယ်ရသည်။ ထိုင်းစိုက်ပျိုးရေးကဏ္ဍတွင် အဆိပ်ဖြစ်စေသည့်ဓာတုပိုးသတ်ဆေးများအသုံးမပြုရန်ပိတ်ပင်သောကြောင့် အဖွဲ့အစည်းတော်တော်များများက ဝေဖန်ခဲ့ပြီးနောက်တွင် ယခုအမည်တွင်ခဲ့သည်။
ဒုစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ဗိုလ်ကြီးသာမာနတ် ပရွမ်ပေါင်၏အမည်ပြောင် – မီးခိုးရောင်ဒေသ
ဘွဲ့လက်မှတ်ယုံကြည်ရမှုရှိမရှိ၊ မူးယစ်ဆေးမှုကြောင့် သြစတြေးလျတွင်ထောင်ကျခဲ့ခြင်းနှင့် အတိုက်အခံပါတီများနှင့် မရိုးဖြောင့်သောနည်းလမ်းများဖြင့်ညှိနှိုင်းခဲ့ခြင်း စသည့်အရှုပ်တော်ပုံများတွင်ပါဝင်ခဲ့ခြင်းကြောင့် မီးခိုးရောင်ဒေသဟုခေါ်ကြခြင်းဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီး ဆက်ဆယမ် ချစ်ချော့၏အမည်ပြောင်- ဖျက်ဆီးရေးသမား
ကိုယ်ပိုင်ကားများအားလုံးတွင် GPSစနစ်တပ်ဆင်ရန်ကဲ့သို့သော အငြင်းပွားဖွယ်အကြံဉာဏ်များထုတ်ပေးခဲ့ရုံသာမက ကောင်းကင်ရထားခနှုန်းများ၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးမှုနှင့် ရထားဖြတ်လမ်းဂိတ်များတည်ဆောက်ခြင်းလျှော့ချခြင်းအပါအဝင် စီမံကိန်းများဖျက်သိမ်းရန်သဘောထားရှိသောကြောင့် ဖျက်ဆီးရေးသမားဟု အမည်ပေးခံခဲ့ရသည်။
သဘာဝရင်းမြစ်နှင့်ပတ်ဝန်းကျင်ဝန်ကြီး ဝရာဝတ် ဆီပါအာချာ၏အမည်ပြောင် – အသုသစီစဉ်သူ
အာဏာစရပြီးနောက်ပိုင်း ရှားပါးတောရိုင်းတိရစ္ဆာန်များသေဆုံးခြင်းနှင့်မကြာခဏကြုံတွေ့ခဲ့ရသည့်နောက် ယခုကဲ့သို့နာမည်ပြောင်ပေးခံရခြင်းဖြစ်သည်။ သို့သော်လည်း အရှုပ်များကိုဖြေရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုပိုဂရုစိုက်ရန် နိုင်ငံသားများကိုတိုက်တွန်းမှုကြောင့် သတင်းစာဆရာများက ဝရာဝတ်၏အားထုတ်မှုများကို ချီးကျူးခဲ့သည်။
ယခုနှစ်အတွက် ထိုင်းအစိုးရ၏ကိုးကားစကား
“အခုအထိပဲ ငါ့ကိုစိတ်ပျက်မနေကြနဲ့။ ဒီမှာ ငါအချိန်အကြာကြီးရှိနေဦးမှာ”
နိုဝင်ဘာ ၁၃ ရက်က ထိုင်းအစိုးရအိမ်တော်တွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့်အကြိမ် ၃၀ မြောက်ဆီးဂိမ်းပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ကြမည့်ထိုင်းအားကစားသမားများနှင့် ဝန်ထမ်းများကို ပရာရွတ်ကပြောဆိုခဲ့သည်။
Source-The Nation
ဥက္ကာ #MeKongNews
Photo- The Nation