လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဘေကျင်း၊ ဒီဇင်ဘာ ၁၈

လန်ချန်း-မဲခေါင်ရေအရင်း အမြစ်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးများအဆင့်အစည်းအဝေးကို တရုတ်နိုင်ငံမြို့တော်ဘေဂျင်းတွင် အင်္ဂါနေ့ကကျင်းပခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

စာချွန်လွှာတွင် ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်မထိခိုက်သောဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်ဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လူနေမှုဘဝတိုးတက်ခြင်းများကို ကိုင်တွယ်ဖြေရှင်းရန်ပါဝင်သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားမူဘောင်အတွင်း ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုအတွက် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အစည်းအဝေးကျင်းပခြင်းဖြစ်သည်။

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွင် ကျေးလက်ဒေသသောက်သုံးရေရရှိမှု၊ ဆည်လုံခြုံမှုစီမံခန့်ခွဲမှုနှင့် ပတ်သက်တဲ့စီမံကိန်းများကို သဘောတူခဲ့သည်ဟု တရုတ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာဌာနအကြီးတန်းစစ်ဆေးရေးမှူး ယူ ရှင်းဂျင်က ပြောသည်။

ပြီးခဲ့သည့်(၃)နှစ်အတွင်း လန်ချန်း-မဲခေါင်ဒေသတွင်း ရေအရင်းအမြစ်ဆိုင်ရာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း(၃၀)ကျော်ကို အကောင်အထည်ဖော်ခဲ့ပြီး နည်းပညာဖလှယ်ခြင်းနှင့်လေ့ကျင့်ရေးသင်တန်းများအတွက် ဝန်ထမ်းအယောက်(၁၀ဝ၀)ကို အသုတ်(၄၀)ခွဲပြီး တရုတ်နိုင်ငံဆီစေလွှတ်ခဲ့သည်။

Source-CGTN

ဥက္ကာ #MeKongNews

Photo-CGTN

တာချီလိတ်ကရွှေ့ပြောင်းလုပ်သားတွေ သတင်းအချက်အလက်ပိုရအောင်လုပ်ဖို့ ILO စီစဉ်

ဒေါ်ခွန်ဆာမွန်းထွယ်/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၈

တာချီလိတ်မြို့နယ်အတွင်းမှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အချက်အလက်များ ပိုမိုရရှိနိုင်ရန်အတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့-ILO က စီစဉ်နေကြောင်း ILO ၏ အမျိုးသားစီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဆာမွန်းထွယ်က ပြောသည်။

တာချီလိတ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားသို့ တက်ရောက်စဉ် သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ကို တာချီလိတ်တွင် ကျင်းပစဉ်/Photo by MeKongNews

တာချီလိတ်မြို့နယ်အတွင်းမှ ရွှေ့ပြောင်းလုပ်သားများမှာ တိုင်းရင်းသားများ အများစုဖြစ်သည့်အတွက် ရွှေ့ပြောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ အသိပညာဗဟုသုတများကို ၎င်းတို့ ဘာသာစကားဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရွှေ့ပြောင်းအရင်းအမြစ်စင်တာမှ တစ်ဆင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါ်ခွန်ဆာမွန်းထွယ်က ပြောသည်။

“တိုင်းရင်းသား ဘာသာစကားတတ်တဲ့ MRC (ရွှေ့ပြောင်းရင်းမြစ်စင်တာ)က ဝန်ထမ်းတွေအပြင် စေတနာ့ဝန်ထမ်းတွေနဲ့ ကျေးရွာတွေအထိ ကွင်းဆင်းပြီး သတင်းအချက်အလက်တွေကို ပေးသွားမှာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။

ILOအနေဖြင့် တာချီလိတ်မြို့နယ်အတွင်း နောက်ထပ် လုပ်ငန်းအသစ်များ လုပ်ဆောင်ရန် မရှိဘဲ ရွှေ့ပြောင်းရင်းမြစ်စင်တာ – MRC ၏ ရည်မှန်းချက်များကိုသာ အောင်မြင်အောင် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း ပြောသည်။

တာချီလိတ်မြို့နယ်ရှိ ရွှေ့ပြောင်းရင်းမြစ်စင်တာ – MRCကို ၂၀၁၉ ခုနှစ် မေလအတွင်းက အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ILO နှင့် မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

MK – 001

MeKongNews

အမျိုးသမီး(၆)ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ

ကိုရတ်၊ ဒီဇင်ဘာ ၁၈

အမျိုးသမီး ၆ ဦးကို သတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲခံထားရစေသောအမျိုးသားကို နိုင်ငံအရှေ့မြောက်ပိုင်းသို့သွားနေသည့်ရထားပေါ်တွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲများပြောသည်။

ဆွမ်ကပ် ပမ်ပေါင်း (၅၅)နှစ်ကို ရထားစီးခရီးသည်တစ်ယောက်က သတိပြုမိခဲ့ပြီး အာဏာပိုင်များထံအကြောင်းကြားခဲ့သည်ဟု စုံထောက်များကပြောသည်။

မည်သူမည်ဝါမပြောခဲ့သောထိုခရီးသည်ကို ဘတ် ၅၀ဝ၀ဝ ဆုကြေးပေးသွားမည်ဟုလည်း ပြောသည်။

၁၉ ရာစု၊ လန်ဒန်မြို့က အမျိုးသမီးများကို သတ်ဖြတ်ခဲ့သည့် Jack the Ripperကို အမှီးပြုပြီး Kid the Ripperဟု မီဒီယာများတွင်ဖော်ပြခဲ့သောဆွမ်ကစ်သည် ၂၀ဝ၅ ခုနှစ်တွင် လိင်လုပ်သားအမျိုးသမီး ၅ ဦးကိုသတ်ဖြတ်ခဲ့မှုကြောင့် ထောင်တစ်သက်ကျခံရန် ၂၀ဝ၅ ခုနှစ်တွင်ပင် တရားရုံးဆုံးဖြတ်ခံခဲ့ရပြီး ထောင်တွင်းလုပ်ဆောင်မှုကောင်းများကြောင့် ယခုနှစ်မေတွင် ထောင်မှပြန်လွတ်ခဲ့သည်။

ထိုင်းဘုရင်၏လွတ်ငြိမ်းချမ်းသာခွင့်ရပြီး လပိုင်းအကြာတွင် သူ၏ ၆ ယောက်မြောက်လူသတ်မှုကို တနင်္ဂနွေနေ့က ခွန်ကန်ခရိုင်တွင်ကျူးလွန်ခဲ့သည်ဟု ရဲများကပြောသည်။

SOURCE-KHAOSOD

MeKongNews #ဥက္ကာ

PHOTO-KHAOSOD

ချင်းရိုင်တွင် စိတ်ကြွဆေးပြားသန်းချီသိမ်းဆည်းရမိ

ချင်းရိုင်၊ ဒီဇင်ဘာ ၁၈

မယ်ချန်တွင် မှောင်ခိုကူးသူများပစ်ထားပြီး ပျက်စီးနေသောပစ်ကပ်ကားတစ်စီးပေါ်တွင် မက်သ်စိတ်ကြွဆေးပြား ၅ သန်းခန့်ကို ချင်းရိုင်မှထိုင်းစစ်တပ်အစောင့်တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

ထိုကားပေါ်တွင် မက်သ်ဆေးပြား ၂၅ အိတ်တင်ဆောင်ထားကြောင်းတွေ့ခဲ့ရသည်။

ဖြစ်စဉ်မှာ မယ်ချန်ရဲနှင့် စစ်တပ်အစောင့်တပ်ဖွဲ့များက လုံခြုံရေးဂိတ်တစ်ခုတွင်စောင့်ကြပ်ခဲ့ပြီး ဆိုင်ကယ်တစ်စီး နောက်တွင်ပါလာသည့်ပစ်ကပ်ကားတစ်စီးကို တားဆီးခဲ့ရာ ယာဉ်မောင်းနှစ်ဦး စလုံးထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။

လောင်ဖူကျေးရွာတွင် အိမ်တစ်အိမ်ကိုဝင်တိုက်ပြီးနောက် ထိုပစ်ကပ်ကားကိုပြန်တွေ့ခဲ့သည်။

ရှာဖွေရာတွင် မက်သ်ဆေးပြား ၅ သန်းပါဝင်နေသောဓာတ်မြေသြဇာအိတ် ၂၅ အိတ်ကိုတွေ့ခဲ့ရခြင်းဖြစ်သည်။

သီးခြားဖြစ်ရပ်တစ်ခုအနေနှင့် မယ်ဆိုင်တွင်လည်း ထိုင်းစစ်တပ်အစောင့်တပ်ဖွဲ့များက မူးယစ်မှောင်ခိုသံသယရှိသူများထံမှ မက်သ်ဆေးပြား ၁၅ သိန်းကိုသိမ်းဆည်းရမိခဲ့သည်။

ရွာတစ်ရွာနားတွင် ၅ မိနစ်မျှပစ်ခတ်ခဲ့ပြီးနောက် သိမ်းဆည်းရမိခြင်းဖြစ်သည်။

မူးယစ်မှောင်ခိုသံသယရှိသူများက တောထဲထွက်ပြေးခဲ့ကြပြီး ကျောပိုးအိတ်များထဲတွင် ဆေးပြားများကျန်ခဲ့သည်ဟု ထိုင်းမီဒီယာများတွင်ဖော်ပြသည်။

လားဟူလူမျိုးစုများဦးစီးလည်ပတ်နေသည့် အဓိကမှောင်ခိုအဖွဲ့တစ်ဖွဲ့နှင့် မှောင်ခိုထုတ်လာသည့် မူးယစ်ဆေးများဆက်စပ်နေသည်ဟု ထိုင်းအရာရှိများကပြောသည်။

မက်သ်စိတ်ကြွဆေးရောင်းဝယ်မှုသည် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာဘီလီယံ ၃၀ နှင့် ၆၁ ဘီလီယံကြားရှိနေပြီး နိုင်ငံတကာအင်တာနက်ဂိမ်းဈေးကွက်တန်ဖိုးထက်မြင့်မားနေသည်။

ရွှေတြိဂံဒေသမှမက်သ်ကို သြစတြေးလျ၊ နယူးဇီလန်နှင့် တခြားအရှေ့တောင်အာရှနိုင်ငံများသို့ ပို့ဆောင်နေသည်။

၂၀၁၈ ခုနှစ်တွင် အာဏာပိုင်များက အာရှ-ပစိဖိတ်ဒေသတွင် မက်ဆေးပြားနှင့်အမှုန့်တန် ၁၂၀ ကို စံချိန်တင်ဖမ်းဆီးရမိခဲ့ပြီး တစ်ဝက်ကျော်မှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Source-ChiangRai Times

ဥက္ကာ #MeKongNews

Photo- ChiangRai Times

တရားရုံးအသုံးပြုသူများ စိတ်ကျေနပ်မှုစစ်တမ်းကောက်ခံ

စစ်တမ်းကိုအခြေခံပြီးပြုပြင်ပြောင်းလဲသွားမည်ဟုဆိုသည်

တရားရုံးအသုံးပြုသူစိတ်ကျေနပ်မှုဆိုင်ရာစစ်တမ်းကို ဖြည့်စွက်နေစဉ်/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၈
တရားရုံးများတွင် ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်သည့် ကများကို ဖော်ထုတ်နိုင်ရန်အတွက် တရားရုံးအသုံးပြသူများ၏ စိတ်ကျေနပ်မှုစစ်တမ်းကို တာချီလိတ်ခရိုင် တရားရုံးတွင် ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းမှ စတင်ကာ ကောက်ခံလျက်ရှိသည်။

တရားရုံးအသုံးပြုသူစိတ်ကျေနပ်မှုဆိုင်ရာစစ်တမ်းကို ဖြည့်စွက်နေစဉ်/Photo by MeKong News

ထိုသို့ကောက်ခံရာတွင် တရားရုံးနေရာသည် လာရောက်ရန်လွယ်ကူခြင်း၊ တရားရုံးဝန်ထမ်းများ ယဉ်ကျေးစွာဆက်ဆံခြင်း စသည်တို့အပါအဝင် အချက် (၁၃)ချက်အပေါ် တရားရုံးအသုံးပြုသူများအနေဖြင့် သဘောတူခြင်းရှိ၊ မရှိကို မေးမြန်းကောက်ခံခြင်းဖြစ်ပြီး သီးခြားထပ်မံအကြံပြုလိုသည်များကိုလည်း ဖြည့်စွက် အကြံပြုနိုင်ကြောင်းသိရသည်။

တရားရုံးအသုံးပြုသူစိတ်ကျေနပ်မှုဆိုင်ရာစစ်တမ်းကို ဖြည့်စွက်နေစဉ်/Photo by MeKong News

“အခုလို ကောက်ခံရရှိတဲ့ အချက်အလက်တွေကို မူတည်ပြီး ဘယ်အရာတွေကို ပြင်ရင် ပိုကောင်းသွားမလဲ ဆိုတာကို သိရှိပြီး ပြင်ဆင်သွားမှာပါ။ ဒီလိုပြင်ဆင်ပြီးလို့ ကာလတစ်ခုကြာရင် စစ်တမ်းထပ်ကောက်မယ်။ ပြောင်းလဲသွားလား၊ မပြောင်းလဲဘူးလားဆိုတာ သိရအောင်” ဟု တာချီလိတ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တမ်းကောက်ယူမှုကို ဒီဇင်ဘာလ ၁၈ရက် တစ်ရက်ထဲ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူရာတွင် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်း၊ ဗမာယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူ့ဝန်ထမ်းဟောင်းများအဖွဲ့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
MK-001

MeKongNews

ကာကွယ်ထိန်းသိမ်းထားသော ကုန်းလိပ်များကို ထိုင်းလေဆိပ်တွင် သိမ်းဆည်းရမိ

သယ်ဆောင်လာသည့် ထိုင်ဝမ်စုံတွဲကို ထိန်းသိမ်းထား

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇

အိန္ဒိယကြယ်လိပ် ၉၅ ကောင်ကို ထိုင်းနိုင်ငံအပြင်ဘက် သယ်ထုတ်ရန် စီစဉ်ခဲ့သည်ဟု ဆိုကာ ထိုင်ဝမ်စုံတွဲတစ်တွဲကို ဒွန်မောင်းလေဆိပ်တွင် ဖမ်းဆီးလိုက်သည်။

X-Rayရောင်ခြည်နှင့် စစ်ဆေးသည့် ဒွန်မောင်းလေဆိပ် ၃ လွှာတွင် အင်္ဂါနေ ့မနက်အစောပိုင်းက ထိုင်းနိုင်ငံ အပြင်ဘက် ထွက်ရန် လေယာဉ်စီးမည့် လိုင်စွန်းယွန် ၃၈ နှစ်နှင့် ဇနီးသည် လူချောင်းယူ ၃၇ နှစ်တို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဒွန်မောင်းလေဆိပ် တောရိုင်းတိရစ္ဆာန် စစ်ဆေးရေးဂိတ်အကြီးအကဲ ဆက်သွန် ခွန်ငန်ကပြောသည်။

ကာကွယ်ထိန်းသိမ်းထားသည့် အိန္ဒိယကြယ်လိပ် ၉၅ ကောင်ကို သူတို့အိတ်များထဲတွင် အာဏာပိုင်များက တွေ့ရှိခဲ့သည်။

ထိုစုံတွဲမှာ ထိုင်းနိုင်ငံမှ တိုင်ပေသို့သွားရန်စီစဉ်ထားသည်။

၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၉၃ နှင့် အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၆ နှင့် ၂၅၂ တို့ကိုဖောက်ဖျက်ကြောင်း စွပ်စွဲထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် ဒွန်မောင်းရဲစခန်းသို့ လွှဲပြောင်းပေးထားသည်။

အပြစ်ရှိကြောင်းတွေ့ရှိပါက အများဆုံးထောင် ၁၀ နှစ်ဖြစ်စေ၊ ထောင် ၁၀နှစ်နှင့် ဒဏ်ငွေဘတ် ၁ သန်းဖြစ်စေ ပေးဆောင်ကျခံရနိုင်သည်။

Source-Bangkok Post

ဥက္ကာ #MeKongNews

Photo-Don Mueang Air Port

တရားမဝင်တရုတ်နိုင်ငံသားနှင့် လောင်းကစားကိစ္စ လုံ/နယ်ဝန်ကြီးအဖြေ လွှတ်တော်ကိုယ်စားလှယ် ကျေနပ်မှုမရှိ

Photo- Dr. Wunna Soe’s FB

တာချီလိတ်၊ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို အရေးယူမည့် အစီအစဉ်နှင့် လောင်းကစား လျော့နည်းပပျောက်ရေးကိစ္စတို့နှင့် စပ်လျဉ်းဖြေကြားသည့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အဖြေအပေါ် ကျေနပ်မှုမရှိကြောင်း မေးခွန်းမေးမြန်းသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က ဆိုသည်။

ဒီဇင်ဘာလ ၁၇ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က တရားမဝင်တရုတ်နိုင်ငံသားများနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် လောင်းကစားလျော့နည်းပပျောက်ရေး အစီအစဉ်တို့ကို မေးမြန်းရာ စပ်လျဉ်းဖြေကြားသည့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“ကျေနပ်မှုမရှိဘူး။ မေးလိုက်ရင် ဝေ့လည်ချောင်ပတ်ဖြေနေတာထက် တကယ်ဖမ်းပေးတာကိုပဲ လိုချင်တာပေါ့။ လောင်းကစားကိစ္စဆိုရင် အမျိုးသားလွှတ်တော်မှာရော၊ ရှမ်းပြည်နယ်လွှတ်တော်မှာရော အဆိုအောင်ပြီးသားပဲ” ဟု မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က မဲခေါင်သတင်းဌာနသို့ ပြောသည်။

ဦးဆန်းဝင်းအောင်က တရားမဝင်တရုတ်နိုင်ငံသားများ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်နေထိုင်လုပ်ကိုင်မှုများကို ရှမ်းပြည်နယ်အစိုးရက စာရင်းပြုစုပေးရန် ရှိ၊ မရှိ၊ ဗီဇာစည်းကမ်းဖောက်ဖျက်သည့် တရုတ်နိုင်ငံသားများအား သက်ဆိုင်ရာဌာနက စိစစ်ကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ တရားမဝင် သတ္တု၊ သစ်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား လုံခြုံရေးနယ်မြေအတွင်း ဖော်ထုတ်အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လောင်းကစားဂိမ်းခုံများကို စိစစ်အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ တရားဝင် လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၃၈ ဦးရှိပြီး တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသား ၅၁၄ ဦးရှိကြောင်း ဗိုလ်မှူးကြီးလှဦးက ပြန်လည်ဖြေကြားသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီခန့်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စာရင်းကောက်ယူ အရေးယူလျက်ရှိသလို သတ္တုလုပ်ကွက်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုလည်း အရေးယူလျက်ရှိကြောင်း ၎င်းက ဖြေကြားသည်။

လောင်းကစားဝိုင်းများ လျော့နည်းပပျောက်ရေးအတွက်လည်း ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပြီး လောင်းကစားမှုများကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ပျက်ကွက်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

MK-001

MeKongNews

ICJ တွင် မြန်မာဘက်က ပြောဆိုချေပချက်များ ထောက်ခံကြောင်းအဆို ရှုံးနိမ့်

Photo by Shan State Parliament

တာချီလိတ်၊ ဒီဇင်ဘာ ၁၇

နိုင်ငံတကာတရားရုံး – ICJ တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ ကိုယ်စားလှည်အဖွဲ့ဘက်မှ ပြောဆိုချေပချက်များကို ထောက်ခံကြောင်း အရေးကြီးအဆိုကို ယနေ့ ဒီဇင်ဘာလ ၁၇ရက်တွင် ရှမ်းလွှတ်တော်၌တင်သွင်းရာ ရှုံးနိမ့်သွားသည်။

ICJ တွင် မြန်မာဘက်မှ ပြောဆိုချေပချက်များကို ထောက်ခံကြောင်းအဆိုကို ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် NLD ပါတီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ပင်းတယ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးညီလေးချမ်းက တင်သွင်းရာ ကန့်ကွက်သူရှိသဖြင့် မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ခံယူခဲ့သည်။

လွှတ်တော်၏အဆုံးအဖြတ်ကို ခံယူရာတွင် ထောက်ခံမဲ (၃၁)မဲ၊ ကန့်ကွက်မဲ (၆၈)မဲဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့(ကန့်ကွက်သူများ)ရဲ့ တွေးခေါ်ယူဆပုံက တစ်မျိုးပေါ့လေ။ ဒါပဲ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာဘက်က ပြောသမျှအားလုံးကို ထောက်ခံကြောင်းအဆိုတင်တာပဲ” ဟု ပင်းတယမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီလေးချမ်းက မဲခေါင်သတင်းဌာနကို ပြောသည်။

မဲခွဲဆုံးဖြတ်မှုရှုံးနိမ့်သဖြင့် ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

MK-001

MeKongNews

မုဒိမ်းကျင့်၊ လူသတ်ပြီးထွက်ပြေးနေသည့် ကွင်းဆက်လူသတ်သမားကို ထိုင်းရဲများလိုက်လံရှာဖွေနေ

သူ၏သားကောင်များကို ပုံစံတစ်မျိုးတည်းဖြင့် သတ်ခဲ့သည်။

ချင်းရိုင်၊ ဒီဇင်ဘာ ၁၇

၁၉ ရာစု၊ လန်ဒန်မြို့တွင် မိန်းမများကို လိုက်လံသတ်ဖြတ်ခဲ့သော Jack the Ripperနှင့်ခိုင်းနှိုင်းပြီး ထိုင်းနိုင်ငံ၏ Jack the Ripperဟု ခိုင်းနှိုင်းနေကြသည့် ကွင်းဆက်လူသတ်သမားကို ထိုင်းအရှေ့မြောက်ပိုင်းရှိရဲများ လိုက်လံရှာဖွေနေသည်။

ထောင်မှလွတ်ပြီး ၇ လအတွင်း ခွန်ကန်ရှိအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သူ့ကို သံသယရှိနေသည်။

အသက် ၅၅ နှစ်ရှိ ဆွမ်ကစ် ပန်ပွမ်ကိုရှာဖွေရာတွင် ခွန်ကန်ရဲတပ်ဖွဲ့ကို မှုခင်းနှိမ်နှင်းရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် အသက် ၅၁ နှစ်ရှိ ရက်ဆာမီ မူလီချန်း နေအိမ်တွင်သတ်ခံခဲ့ရမှုတွင် ဆွမ်ကစ်သည် အဓိကသံသယတရားခံဖြစ်နေသည်။

တနင်္ဂနွေနေ့ညတွင် ရဲတပ်ဖွဲ့ထံ လူသတ်မှုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရာဆာမီကို သူ့နေအိမ်တွင် လည်ပင်းတိပ်ပတ်ထားပြီး သေဆုံးလျက်တွေ့ခဲ့ရသည်။ ခြေကျင်းဝတ်ကို များကိုလည်း ဖုန်းအားသွင်းကြိုးနှင့်စည်းနှောင်ထားသည်။

ဒီဇင်ဘာ ၂ ရက်တွင် ရာဆာမီနှင့်အတူနေရန် အမျိုးသားတစ်ဦးရောက်လာပြီး သူတို့နှစ်ဦးစကား များခဲ့ကြသည်ဟု အိမ်နီးချင်းတစ်ယောက်က ရဲတပ်ဖွဲ့ကိုပြောသည်။

သံသယတရားခံ၏ပုံကိုပြပြီး ဆွမ်ကစ်သည် လူသတ်သမားဟုသံသယရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဆွမ်ကစ်သည် အနည်းဆုံးအမျိုးသမီး ၅ ယောက်ကိုသတ်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသော ကွင်းဆက်လူသတ်သမား ဖြစ်သည်။

၂၀ဝ၅ ခုနှစ်တွင် အဆိုတော်တစ်ဦးနှင့် အနှိပ်သည်အမျိုးသမီး ၄ ဦးကိုသတ်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်တစ်သက်ကျခံခဲ့ရသော်လည်း ထောင်တွင်းလုပ်ဆောင်မှုများကြောင့် ထောင်ဒဏ် ၁၄ နှစ်သာကျခံရန်ဆုံးဖြတ်ခဲ့ပြီး ယခုနှစ်မေတွင် ပြန်လွတ်ခဲ့သည်။

သူ၏သားကောင်များကို ပုံစံတစ်မျိုးတည်းဖြင့် သတ်ခဲ့သည်။

အမျိုးသမီးများနှင့်လိင်ဆက်ဆံပြီးနောက် လည်ပင်းညှစ် (သို့မဟုတ်) ရေနှစ်သတ်ပြီး အမျိုးသမီးများ ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့သည်။

ဆွမ်ကစ်သည် ထိုင်းနိုင်ငံ၊ ထရမ်ခရိုင်၊ ဟွေယော့ခရိုင်ခွဲမှဖြစ်သည်။
ထောင်မှလွတ်ပြီး မည်သည့်အကြောင်းကြောင့် ခွန်ကန်ရောက်နေသည်ကို မသိရသေးပေ။

ဆွမ်ကစ်ကိုဖမ်းခွင့်ဝရမ်းရထားသည်ဟု မှုခင်းနှိမ်နှင်းရေးဌာနတပ်မှူး၊ ရဲဗိုလ်ချုပ်ကြီးဂျီရတ်ဟော့ ဘူရီဒတ်ကပြောသည်။

Source-ChiangRai Times

ဥက္ကာ #MeKongNews

Photo- ChiangRai Times

နိုင်ငံခြားသားအကျဉ်းသားများအတွက်ဆေးကုသစရိတ် ဘတ် ၃၄ သန်းလိုအပ်နေ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇

နိုင်ငံခြားသားအကျဉ်းသား ၉၆၀ဝ အတွက် ဆေးကုသစရိတ်ကာမိစေရန် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးထံမှာ ဘတ်၃၄ သန်း ထိုင်းပြုပြင်ရေးဌာနက ရှာဖွေနေသည်။

မူးယစ်ဆေးမှုကြောင့် နိုင်ငံခြားသားများအကျဉ်းကျနေပြီး အများစုမှာ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့မှဖြစ်သည်ဟု ဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ရဲဗိုလ်မှူးကြီး ပရာဝပ် ဝေါင်စရီနေးကတနင်္လာနေ့တွင်ပြောသည်။

အခြားအကျဉ်းသားများထံရောဂါမပြန့်ရန် သူတို့နာဖျားမှုကိုကုသပေးရလိမ့်မည်ဟုလည်း ပြောသည်။

အမျိုးသားကျန်းမာရေးလုံခြုံမှုရုံးမှအကူအညီများက နိုင်ငံခြားအကျဉ်းသားများအတွက်မကာမိဘဲ ပြုပြင်ရေးဌာနက သက်ဆိုင်ရာသံရုံးများမှတစ်ဆင့် အကျဉ်းသားများ၏မူလနိုင်ငံများထံမှ အကူအညီတောင်းခဲ့သည်။

နိုင်ငံတကာလုပ်ထုံလုပ်နည်းများအတိုင်း ထိုင်းနိုင်ငံကသာ ဆေးကုသပေးရလိမ့်မည်ဟု ထိုနိုင်ငံများက တုံ့ပြန်ကြောင်းလည်း ပရာဝပ်ကပြောသည်။

ထို့ကြောင့် ပြုပြင်ရေးဌာနက မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး၏မူးယစ်ဆေးကာကွယ်ရေးနှင့်နှိမ်နှင်းရေးရန်ပုံငွေများကို တောင်းဆိုရသည်ဟုလည်းပြောသည်။

နိုင်ငံခြားအကျဉ်းသားများကိုကုသစရိတ် တစ်နှစ်လျှင် လူတစ်ဦး ဘတ် ၃၆၀ဝ ခန့်ရှိပြီး တချို့လူများမှာ တစ်ကြိမ်လျှင် ဘတ် ၁ သိန်းနှင့် ၂ သိန်းကြားကုန်သည့်ခွဲစိတ်မှုလုပ်ရန်လိုသဖြင့် အားလုံးကုန်ကျစရိတ်ပိုများနိုင်သည်ဟုလည်း ပရာဝပ်ကပြောသည်။

ရဲအထွေထွေဆေးရုံကြီးထံမှ အကူအညီတောင်းခံခဲ့သော်လည်း အကူအညီကြောင့် ဆေးရုံကြီးဝန်ပိုပိခဲ့သည်ဟု ပရာဝပ်ကပြောသည်။

Source-Bangkok Post

ဥက္ကာ #MeKongNews

Photo-Bangkok Post

Design a site like this with WordPress.com
Get started