တာချီလိတ်၊ ဒီဇင်ဘာ ၆
တာချီလိတ်မြို့တွင် ပြန်လည်ရောင်းချရန် တောင်ကြီးမြို့မှ သယ်ဆောင်လာင်သည့် ဆန်အိတ်များအပေါ် မယ်ယန်းဂိတ်တွင် အခွန်ကောက်ခံသဖြင့် ကားသမားအနေဖြင့် ဆန်အိတ်သီးသန့် မတင်ချင်တော့ကြောင်း ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဆန်ကုန်သည်များထံမှ သိရသည်။
တောင်ကြီးမှ တာချီလိတ်သို့သယ်ဆောင်လာသည့် ဆန်အိတ်များကို တာချီလိတ်မြို့အဝင်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဈေးသတ်မှတ်ကာ ၂ရာခိုင်နှုန်းအနေဖြင့် အခွန် ကျပ် ၁၀၀၀ ဆောင်ခိုင်းကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“တောင်ကြီး-တာချီလိတ်မှ ဆန်တစ်အိတ်ကို သယ်ခ ၃၅၀၀ပဲရတာ။ အဲဒီလိုကောက်တော့ ကားသမားတွေအတွက် မကိုက်ဘူး။ အဲဒါကြောင့် ဆန်သီးသန့်ဆို မတင်ချင်တော့ဘူး။ ဈေးပိုတောင်းတာတွေ ဖြစ်လာတယ်။ အမှန်ဆိုရင် ၂ ရာခိုင်နှုန်းက ထိုင်းဘက်ကို တင်ပို့မယ်ဆိုမှ ဆောင်ရမှာ။ ခုသယ်လာတဲ့ဆန်တွေက တာချီလိတ်မှာ ရောင်းဖို့သယ်လာတာ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်အတွင်းက တောင်ကြီးမှတင်လာသည့် ဆန်အိတ်များအတွက် မယ်ယန်းဂိတ်တွင် ကျပ် ၇၀၀၀၀ ပေးဆောင်ခဲ့ရကြောင်း တာချီလိတ်မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်အေးပြုံးက ပြောသည်။
“ကျမတို့က တာချီလိတ်မှာပြန်ရောင်းတာပဲ။ ထိုင်းဘက်ကိုသွင်းမယ့်သူဆိုလည်း ထိုင်းကိုဝင်မယ့်ဂိတ်မှ ကောက်သင့်တာပေါ့။ အခုလိုပိုပေးရတော့ စားသုံးသူဆီမှာပဲ ဈေးပိုတက်သွားမှာပေါ့” ဟု ၎င်းကပြောသည်။
အခုလိုငွေကြေးကောက်ခံမှုမျိုး မရှိတော့သည့်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုလပိုင်းအတွင်းမှသာ ထပ်မံကြုံတွေ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကုန်ပစ္စည်းများကို သယ်ဆောင်ရာတွင် တပိုင်တနိုင်စားသုံးရန်အတွက်မှတပါး ပြည်ပကို တင်ပို့ရန်ဖြစ်စေ၊ ပြည်တွင်း၌ ပြန်လည်ရောင်းချရန်ဖြစ်စေ ၂မျိုးစလုံးအတွက် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ဆိုသည်။
“ပြည်ပပို့မယ်ဆိုရင် ၂ ရာခိုင်နှုန်းဆောင်ရတယ်။ ပြည်တွင်းဝယ်ရောင်းဆိုရင် ပြည်တွင်းဝယ်ရောင်းခွန်ဆိုတာ ရှိတယ်။ ကျသင့်တဲ့အခွန်ကို ပြည်တွင်းအခွန်က တွက်ချက်ပြီးကောက်ခံပါတယ်။ အဲဒီအခွန်ကလည်း အရမ်းသက်သာပါတယ်” ဟု ၎င်းကပြောသည်။
ပြည်တွင်း၌ ဝယ်ရောင်းပြုလုပ်ရာတွင် ကြိုတင်ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်တို့ပေးဆောင်ထားပါက ပြည်တွင်းဝယ်ရောင်းခွန်ကို ထပ်မံပေးဆောင်ရန်မလိုသလို ထိုင်းဘက်ကသို့ ပိုဆောင်မည် ဆိုပါကလည်း မယ်ယန်းဂိတ်တွင် ၂ရာခိုင်နှုန်း ပေးဆောင်ပြီးပါက တံတားပေါ်တွင် အခွန်ထပ်မကောက်ရန် ပြောထားကြောင်း ဦးဝင်းလွင်က ဆိုသည်။
“အခွန်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး တချို့ကလည်း အသိပညာပေးတာနည်းတော့ သိပ်နားမလည်ကြသေးဘူး” ဟု ၎င်းကပြောသည်။
ကြိုတင်ခွန်ပေးဆောင်ထားသည့် ဘီယာကဲ့သို့ကုန်စည်များအတွက် ကြိုတင်ခွန်ပေးဆောင်ထားသည့် စာရွက်စာတမ်းကို ပြသပြီး ထပ်မံအခွန်ပေးဆောင်ရန် မလိုဘဲ ဖြတ်သန်းနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေးမှ သိရသည်။
နယ်စပ်ကုန်သွယ်ရေး၏ ပြောကြားမှုများအပေါ် နယ်စပ်ဝင်ပေါက်များကြီးကြပ်ရေး ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးမင်းအောင်က ဝေဖန်လိုက်ပြီး ဆန်စပါးကို ပြည်တွင်းစားသုံးမှုအတွက်လွတ်လပ်စွာ တင်ပို့နိုင်ကြောင်း ထောက်ပြပြောဆိုသည်။
ဆန်စပါးမှာ ကုန်သွယ်လုပ်ငန်းခွင် ကင်းလွတ်ခွင့်ရှိသလို မြန်မာတစ်နိုင်ငံလုံးတွင်လည်း မည့်သည့်နေရာတွင်မျှ ဆန်ကားကို အခွန်ကောက်ခံခြင်းမရှိကြောင်း ဦးမင်းအောင်က ပြောသည်။
“မြန်မာတစ်နိုင်ငံလုံးဘယ်မှာမှ မကောက်ဘဲ မယ်ယန်းတစ်ဂိတ်ထဲ ကောက်နေတာက နံပတ်တစ် ပြောစရာဖြစ်တယ်။ အခွန်လျာထားချက် ပြည့်မီရေးအတွက် လုပ်စရာတွေအများကြီးရှိပါသော်လည်း လမ်းကြောင်းပေါ်မှာ အနှောက်အယှက် ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေလို့ မြင်ပါတယ်” ဟု၎င်းကပြောသည်။
ဒေသစားသုံးရန်အတွက် တာချီလိတ်သို့သယ်ဆောင်လာသည့် ဆန်သာမက ကြက်သွန်၊ ထောပတ်သီးကဲ့သို့ ကုန်စည်များ အတွက်လည်း မယ်ယန်းဂိတ်တွင် အခွန်ပေးဆောင်ရကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
MK -001
MeKongNews