လသားကလေးငယ်တစ်ဦးကို ရွှေဝါနဒီပန်းခြံတွင်လာပစ်ထား

တာချီလိတ်၊ နိုဝင်ဘာ ၃၀

ရွှေဝါနဒီပန်းခြံအတွင်းရှိ သဖန်းပင်အောက်၌ စွန့်ပစ်ထားသော ကလေးငယ်တစ်ဦးကို နိုဝင်ဘာ ၃၀ ရက်နံနက် ၆ နာရီခန့်က ကီလိုကောက်သည့် အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့‌ကြောင်း သိရသည်။

‘ကလေးက လသားအရွယ်တော့ရှိပြီ၊ ချစ် စရာလေး၊ အနွေးထည်အနီလေးနဲ့ ပတ်ထားတာ တွေ့ရတယ်’ဟု ကောက်ရ သည့် အမျိုးသမီးကြီးက ပြောသည်။

ကလေးငယ် ကောက်ရသည့် ဖြစ်စဉ်အား ရပ်ကွက်ရုံးတွင် အကြောင်းကြားပြီး ကလေးကို ၎င်းနေအိမ်တွင် စောင့်လျှောက်ထားကြောင်းသိရသည်။

MK -002

MeKongNews

ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို မဟုတ်ဘဲ သွားရောက်ရင်ဆိုင်မည့် အဖွဲ့ကို ထောက်ခံပွဲလုပ်ဖို့ တာချီလိတ်တွင်ဆွေးနွေး

တာချီလိတ်၊ နိုဝင်ဘာ ၃၀

ICJ တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို မဟုတ်ဘဲ ICJ တွင် သွားရောက်ရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့် ထောက်ခံပွဲပြုလုပ်ရန် အစည်းအဝေး တက်ရောက်သူတစ်ဦးက ဆွေးနွေးသည်။

အဆိုပါထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ ဘုရင့်နောင်ဈေးတွင် ပြုလုပ်ရာ အစည်းအဝေးတက်ရောက်သူများ ထဲမှ ဦးဆန်းအောင်ဆိုသူက ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

“အခုသွားရောက်ရင်ဆိုင်မှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ မဟုတ်ပါဘူး။ တခြားပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်တစ်ဖွဲ့လုံးကိုထောက်ခံပွဲ လုပ်ရင် ပိုသင့်တော်ပါတယ်” ဟု ၎င်းက ဆွေးနွေးသည်။

အစည်းအဝေးတွင် ထောက်ခံပွဲ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထောက်ခံပွဲနှင့် ပတ်သက်သည့် နေရာ၊ အချိန်၊ ကြွေးကြော်သံ စသည့်အချက်များကို ဒီဇင်ဘာလ ၁ရက် ညနေ ၃နာရီတွင် ပြုလုပ်မည့် ကော်မတီအစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ICJ သွားရောက်ရင်ဆိုင်သည့် အဖွဲ့ တစ်ဖွဲ့လုံးကို ထောက်ခံဖို့ကိုလည်း ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်က ပြောသည်။

အစည်းအဝေးကို ရှမ်းပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းဆွန်စိုင်း အပါအဝင် မြို့မိမြို့ဖများ၊ ရှေ့နေများ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီကို ဒေါက်တာမြင့်အောင်က ဥက္ကဌ၊ အာခါစာပေယဉ်ကျေးမှုအသင်းမှ ဦးအားလယ်က ဒုဥက္ကဌ၊ ရှေ့နေဦးမျိုးမင်းသိန်းမှ အတွင်းရေးမှူး၊ ဦးဝင်းဆွမ်မှ တွဲဘက်အတွင်းရေးမှူး၊ ဦးထွန်းသန်းအောင်မှ ပြန်ကြာရေးတာဝန်ခံ၊ ဒေါ်သူဇာမိုးမှ ဘဏ္ဍာရေးမှူးနှင့် ဦးတင့်ဆွေမှ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံတို့အဖြစ် တာဝန်ယူကာ အဖွဲ့ဝင် (၂၀)ကျော်ဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

MK -001

MeKongNews

ICJ ကိစ္စအပေါ် UWSA နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ အမြင်ကွဲ

တာချီလိတ်၊ နိုဝင်ဘာလ ၃၀

ICJ တွင် မြန်မာနိုင်ငံတရားစွဲဆိုသည့် ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင်ကာ သွားရောက်ဖြေရှင်းအပေါ် UWSA အနေဖြင့် လေးစားဂုဏ်ယူကြောင်း နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် UWSA က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် MNDAA, TNLA နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့က ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုသည့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ထားရာ အဆိုပါတရားစွဲဆိုမှုနှင့် ပတ်သက်၍ အမြင်ကွဲနေကြောင်းတွေ့ရသည်။

UWSA အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးရထားသည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ပြီး ညီနောင်မဟာမိတ် ၃ဖွဲ့မှာ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် ယခု ICJ တရားစွဲဆိုမှုအပေါ် အမြင်ကွဲလွဲခြင်းဖြစ်ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဆိုသည်။

“အကယ်လို့သာ ကျွန်တော်တို့ ‘ဝ’ ပြည်လို သူတို့လည်း ငြိမ်းချမ်းမယ်ဆိုရင် သူတို့အမြင်တွေလည်း ပြောင်းလဲ လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထုတ်ပြန်ချက်နှစ်ရပ်မှာ အနည်းငယ်အမြင်မတူသော်လည်း FPNCC အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှု မရှိကြောင်း ဦးညီရမ်းက ဆိုသည်။

UWSA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ပြသနာမှာ သမိုင်းအခြေအနေကြောင့် နှစ်ပေါင်း ၂၀ဝခန့် ကြာမြင့်ရှုပ်ထွေးနေပြီ ဖြစ်ပြီး ယင်းအပေါ် ဘက်လိုက်မှုမျိုးနှင့် မသင့်လျော်သည့် နိုင်ငံတကာစွက်ဖက်မှုသည် ရခိုင်ပြည်နယ်၏ အခြေအနေအား မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှုကို ဖြစ်စေကြောင်း ဖော်ပြထားသည်။

လူမျိုးတုန်းသတ်ဖြတ်သည် နိုင်ငံတကာ၏ စွပ်စွဲချက်ကို မျက်စိမှတ်ငြင်းနေမည့် အစား ယခုကဲ့သို့ ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သွားရောက်ရင်ဆိုင်သည့် အပေါ် ဂုဏ်ယူ၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဦးညီရမ်းက ဖြည့်စွက်ပြောကြားသည်။

MK -001

MeKongNews

ကျိုင်းတုံ၌ ရာဘာခြစ်သည့် အမျိုးသမီးတစ်ဦး အသတ်ခံရ

ကျိုင်းတုံ၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြိ့၊ မိုင်းလန်းအုပ်စု၊ ဟွေပုံရွာရှိ ရာဘာခြံ၌ ရာဘာခြစ်အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖြစ်စဉ် နိုဝင်ဘာ ၂၉ နံနက်ပိုင်းက သတ်ဖြတ်ခဲ့သည့်ရကြောင်း ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ နံနက် နံနက် ၅ နာရီခွဲ၌ ကျိုင်းတုံမြို့၊ မိုင်းလန်းအုပ်စု၊ ဟွေပုံရွာရှိ ရာဘာခြံတွင် ဒေါ်ကြည်အေးသည် နေအိမ်၌ ထမင်းချက်နေစဉ် နေအိမ်တဲ့၏ အရှေ့ဘက် တစ်ဖာလုံခန်အကွာတွင် ဒေါ်ခင်ဌေးမှ ”ကယ်ကြပါအုံး၊ ကယ်ကြပါဦး”ဟု အော်သံကြားသဖြင့် သွားရောက်ကြည့်ရှု့ရာ ရာဘာခြစ်သည့် အပင် ၆၀ဝ ကွက် ကားလမ်းမအလယ်တွင် ချွေးမဖြစ်သူ မခင်ယုလွင်မှာ လည်ပင်းနှင့် မျက်ခုံးဘေးတို့၌ ဒဏ်ရာများဖြင့် လဲကျ နေသည်ကို တွေ့ရသည်။

ခဏအကြာတွင် သားဖြစ်သူ ညီညီလွင်ဦး(မခင်ယုလွင်၏ခင်ပွန်း)ရောက်ရှိလာပြီး ကားခေါ်၍ ဆေးရုံပို့ဆောင်ရာ ဆေးရုံရောက် ရှိချိန်တွင် သေဆုံးနေပြီဖြစ်သည်။

အခင်းဖြစ်ရပ်သို့ ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေများအား စစ်ဆေးခြင်း၊ အလောင်းအား ရဲမှုခင်းဆေးစာဖြင့် ကျိုင်းတုံပြည့်သူဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အမှုမှ မခင်ယုလွင်(၂၇ နှစ်)၊ ဟွေပုံရွာ၊ မိုင်းလန်းအုပ်စု၊ ကျိုင်းတုံမြို့နေသူအား သတ်ဖြတ်သွားသူကို ကျိုင်းတုံမြို့မရဲစခန်းက (ပ)၁၄၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းလျှက်ရှိကြောင်း သိရသည်။

MK – 002

MeKongNews

မြန်မာဘက်တိုက်ပွဲများကြောင့် ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကလုံခြုံရေးမြှင့်

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား မွန်လူမျိုး တစ်ထောင်ခန့်ထွက်ပြေး

ထိုင်းဘက်လို့အလုပ်လာလုပ်သည့် မြန်မာနိုင်ငံသားများ Photo – Piyarat Chongcharoen

Ref: Bangkok Post
နိုဝင်ဘာ ၂၉

မြန်မာစစ်တပ်နှင့် မွန်ပြည်သစ်ပါတီတို့ကြား ထိတွေ့မှုတွေဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်ကို ထိခိုက်မှု မရှိစေရန် ထိုင်းစစ်တပ်က ဘုရားသုံးဆူနယ်စပ်တွင် လုံခြုံရေးမြှင့်တင်ထားကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် မွန်တပ်တို့အကြား ထိတွေ့မှုများ နယ်စပ်စည်းမျဉ်းဘက်ကို နီးကပ်လာသည့်အတွက် ထိုင်းစစ်တပ်၊ ဆူရာစီတပ်ခွဲဟာ ဘုရားသုံးဆူနယ်စပ်တစ်လျှောက်မှာ နေရာယူထားကြောင်း သိရသည်။

ဘုရားသုံးဆူဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော် အလုပ်သမားများ ဝင်ရောက်မှုကို ခွင့်ပြုထားသော်လည်း ထိုင်းခရီးသွားများ နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ဈေးဆိုင်များနှင့် ခရီးသွားအစီအစဉ်များကို ပိတ်ပင်ထားဆဲ ဖြစ်သည်။ ဒါ့အပြင်ခရီးသွားများအနေဖြင့် လုံခြုံရေးဆောင်ရွက်နေသည့် နေရာများနှင့် အဝေးတွင် နေကြရင် အစိုးရက အကြံပြုထားသည်။

မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ဂိတ်တစ်ခုကို ထိုင်းစစ်သားများက ဖွင့်ပေးထားသော်လည်း ဆွိုင်ကာဆတ် ၁ ရှိ နယ်စပ်ကုန်သွယ်ရေးယာဉ်များ ဖြတ်သန်းမှုကိုလည်း ပိတ်ပင်ထားဆဲဖြစ်သည်။

မြန်မာဘက်အခြမ်းမှ မွန်ကျေးရွာများဖြစ်သည့် ဘောယီးပွန်နှင့် ယိုင်အွိုင်ကျေးရွာနယ်စပ် တစ်လျှောက်တွင် ထိုင်းစစ်တပ်များက စောင့်ဆိုင်းလျှက်ရှိသည်။

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား မွန်လူမျိုး တစ်ထောင်ခန့် ထိုင်းနိုင်ငံ၊ ဆောင်ခလဘူရီခရိုင်၊ နွန်လူကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ခိုလှုံလျက်ရှိပြီး ၎င်းတို့ကို ထိုင်းကြက်ခြေနီနှင့် ကျန်းမာရေးအဖွဲ့အစည်းများက စောင့်လျှောက်ပေးလျှက်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်အများစုမှာ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး ရာသီဥတု ပြောင်းလဲချိန်ဖြစ်သည့်အတွက် ဖျားနာမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာတပ်နှင့် မွန်တပ်တို့အကြား တိုက်ပွဲများရပ်တန့်ကာ စေ့စပ်ညှိနှိုင်းများ လုပ်ဆောင်လျှက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မွန်တပ်ဖွဲ့များ အခြေချရာ ဘောယီးပွန်ကျေးရွာအနီးရှိ နေအိမ် ၂အိမ်ကို မြန်မာစစ်တပ်က တောင်းဆိုရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

MeKongNews #InternationalNews

ICJ တရားစွဲတာကို ထောက်ခံကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ကြေညာ

တာချီလိတ်၊ နိုဝင်ဘာ ၂၈

မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်နေတာကြောင့် ICJနှင့် ICC တို့တွင် မြန်မာ့တပ်မတော်ကို တရားစွဲရန်ကြိုးပမ်းမှုကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ရက်က ကြေညာချက်ထုတ်သည်။

နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် နိုင်ငံတကာစစ်ရာဇဝတ်မှု ဥပဒေများကို ဆန့်ကျင်ပြီး စစ်ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ကာ ဂျီနီဗာကွန်ဗင်းရှင်းကို ဆန့်ကျင်နေကြောင်း TNLA, MNDAA နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၂၈ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် ကိုးကန့်၊ တအောင်းနှင့် ရခိုင်ဒေသအတွင်း တိုင်းရင်းသားပြည်သူများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အရေးယူရန် ကြိုးပမ်းမည့်သူများ၊ အဖွဲ့အစည်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးပေါင်းဆောင်ရွက်ကာ ရရှိထားသည့် သက်သေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

MK-001

MeKongNews

တရားရင်ဆိုင်မယ့် မြန်မာခေါင်းဆောင်တွေ `ကံကောင်းပါစေလို့´ အစ္စရေးသံအမတ်ကြီး ဆုတောင်း

န်ကုန်၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး ရိုနန် ဂီလောက နိုင်ငံတကာတရားရုံး(ICJ)မှာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့တရားရင်ဆိုင်ရမယ့်မြန်မာဥပဒေအဖွဲ့ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

“ကောင်းတဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ကံကောင်းကြပါစေ” လို့ ဂီလောက တွစ်တာမှာ ရေးခဲ့တာပါ။

ဗုဒ္ဓဟူးနေ့တုန်းကလည်း သူနဲ့ ပြည်ထောင်စုလွှတ်တော်အဖွဲ့ဝင်တွေ၊ အရာရှိတွေနဲ့တွေ့ဆုံခဲ့တဲ့ဓာတ်ပုံတွေ တွစ်တာမှာဝေမျှခဲ့ပြီး ဘင်္ဂါလီအရေးဆွေးနွေးခဲ့သလို သူတို့ကို ကံကောင်းစေကြောင်းအလေးအနက်ဆုတောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

ဟာအားဇ်သတင်းအေဂျင်စီက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကိုမေးမြန်းခဲ့ပြီးတဲ့နောက် အဲဒီတွစ်တာကတွိတွေကိုဖျက်ခဲ့ပြီး တစုံတရာဖြေကြားခဲ့ခြင်းမရှိဘူးလို့ အစ္စရေးနိုင်ငံက ဟာအားဇ်သတင်းအေဂျင်စီကဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ နိုဝင်ဘာ ၂၆ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကိုစွပ်စွဲချက်တွေရှိတဲ့နောက်ပိုင်း၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုလက်နက်ရောင်းဝယ်ခွင့်ပိတ်ခဲ့တဲ့နောက်ပိုင်းနဲ့ အမေရိကန်က လက်နက်ရောင်းမှုနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေလုပ်နေတဲ့နောက်ပိုင်းမှာတောင် အစ္စရေးဟာ မြန်မာနိုင်ငံကိုလက်နက်တွေရောင်းနေပါတယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာ အစ္စရေးတရားရုံးချုပ်က လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး အစ္စရေးရှေ့နေတစ်ယောက်က တင်သွင်းတဲ့အရေးယူဆောင်ရွက်ဖို့အဆိုကို ပယ်ချခဲ့ပေမဲ့ နိုင်ငံတော်ရဲ့တောင်းဆိုချက်ကြောင့် တရားသူကြီး ၃ ယောက်က ပုံမှန်မဟုတ်တဲ့ဆုံးဖြတ်ချက်အနေနဲ့ထားရှိထားလို့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေဆဲပါ။

လက်နက်ကိစ္စရှိပေးမဲ့ မြန်မာနဲ့အစ္စရေးဆက်ဆံရေးက နိုင်ငံသားတွေအဆင့်ဆက်ဆံရေးမှာတော့ ကောင်းမွန်နေဆဲပါ။

ဂျူးလူမျိုးတုန်းသတ်ဖြတ်ခံရမှုအကြောင်းသင်ခန်းစာတွေနဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ဖို့ သင်ရိုးညွှန်းတမ်းတွေမှာပါဝင်ခဲ့လို့ ၂၀၁၈ ခုနှစ်၊ မေမှာ အစ္စရေးက မြန်မာနဲ့ပညာရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကိုရပ်ဆိုင်းခဲ့ပါတယ်။

Source- Haaretz

ဥက္ကာ

MeKongNews

၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ

Photo – The Fifth Wave News

နေပြည်တော်၊ နိုဝင်ဘာ ၂၇

လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ကောက် ယူပြီးစီးပြီဖြစ်ကာ မဲဆန္ဒပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။

“လက်ရှိအခြေခံမဲစာရင်း အရေအတွက်က ၃၇ သန်းကျော်ပေါ့။ ၂၀၁၅တုန်းကတော့ ၃၄သန်းကျော်၊ဆိုတော့ ဒီဟာမှာ တပ်မတော်သားတွေနဲ့အတူနေမိသားစုတွေရဲ့မဲစာရင်းတော့မပါသေးဘူး။ သူတို့ကတော့ တပ်မတော်သားတွေကတော့ရွှေ့တာပြောင်းတာတွေ ဖြစ်တော့ နီးကပ်လာတဲ့ အချိန်မှာတော့သူတို့ဆီက ရမှာပါ” ဟု ဦးမြင့်နိုင်ကပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေခံမဲစာရင်းကောက်ယူမှုတွင် ယခင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် ‘ဝ’ဒေသရှိ မြို့နယ် (၅)မြို့နယ် အတွက် မဲစာရင်းမပါရှိသေးကြောင်း သိရသည်။

မဲစာရင်းမကြေညာခင်တွင်လည်း လက်ရှိ ပြုစုထားသည့် မဲစာ ရင်းတွင် လိုအပ်သည်များ ကျန်နေ သည်များ၊ မပါသင့်သူများပါရှိနေခြင်းများကိုစိစစ်ရန် သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့်လည်း ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတပြီး ဟန်ပြမဟုတ်ပဲ စံပြရွေးကောက်ပွဲဖစ်အောင် လုပ်ဆောင်သွားမည်ဟုလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကပြောဆိုထားဖူးသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို တော့ ယခုအချိန်အထိ သတ်မှတ်ရခြင်းမရှိသေးကြောင်း သိရသည်။

Source – The Fifth Wave News

MeKongNews

ICJ တွင်ရင်ဆိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ တာချီလိတ်တွင်ပြုလုပ်မည်

အစိုးရဝန်ထမ်းများပါဝင်နိုင်ရန်စီစဉ်နေ

တာချီလိတ်၊ နိုဝင်ဘာ ၂၈

OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို တာချီလိတ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ(ယာယီ) ထံမှ သိရသည်။

ထောက်ခံပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃၀ရက်တွင် တာချီလိတ်မြို့နယ်၊ ဘုရင့်နောင်ဈေး အပေါ်ထပ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထောက်ခံပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်နိုင်ငံသို့ သွားရောက်မည့် ဒီဇင်ဘာလ ၁၀ရက်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင့် ထောက်ခံပွဲဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးမျိုးမင်းသိန်းက ပြောသည်။

“ထောက်ခံပွဲကို ဘယ်နေရာမှာ စမယ်။ ဘယ်လိုကြွေးကြော်သံတွေပါမယ် ဆိုတာကတော့ အစည်းအဝေး လုပ်ပြီးမှ အတိအကျသိရမယ်” ဟု၎င်းက ပြောသည်။

အဆိုပါထောက်ခံပွဲကို အစိုးရဝန်ထမ်းများလည်း ပါဝင်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုမိန့် တောင်ခံထားကြောင်း သိရသည်။

ICJ တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲကို မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးများတွင် ပြုလုပ်လျှက်ရှိသည်။

ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ)များကို လူမျိုးတုန်းသတ်ဖြတ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် OIC ကိုယ်စား အာဖရိက နိုင်ငံငယ်တစ်ခုဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးရုံး – ICJ တွင် တိုင်ကြားထားခြင်းဖြစ်သည်။

MK -001
Photo – Myanmar State Counsellor Office

MeKongNews

သေဆုံးနေသည့် သမင်အစာအိမ်အတွင်းမှ ပလပ်စတစ် ၇ ကီလိုခန့်တွေ့

အမှိုက်များအတွင်း အမျိုးသားအတွင်းခံတစ်ထည်ပင် ပါဝင်

Photo: Office of Conservation Area 13 / Courtesy

ချင်းမိုင်၊ နိုဝင်ဘာ ၂၆

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်အတွင်းမှာ သေဆုံးနေသည့် သမင်၏ အစာအိမ်အတွင်းမှ ပလပ်စတစ်အပါအဝင် အမှိုက် ၇ ကီလိုခန့်ကို နိုဝင်ဘာလ ၂၅ရက်က တွေ့ရှိခဲ့ကြောင်း ဧရိယာ ၁၃ ထိန်းသိမ်းရေးရုံးမှ သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန်ခရိုင်အတွင်းရှိ ခွန်စထန် အမျိုးသားဥယျာဉ်အတွင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ သမင်တစ်ကောင်သေဆုံးနေတာကြောင့် ဒေသပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူတွေက ခွဲစိတ်စစ်ဆေးရာ သမင်၏ အစာအိမ်အတွင်း ပလပ်စတစ်နှင့် အမှိုက် ၇ကီလိုခန့်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှိုက်များအတွင်း အမျိုးသားအတွင်းခံတစ်ထည်ပင် ပါဝင်ကြောင်း သိရသည်။

Photo: Office of Conservation Area 13 / Courtesy

“သမင်သေကို စစ်ဆေးလိုက်တော့ သူ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေ၊ အမှိုက်တွေ အများကြီးတွေ့ရတယ်။ ကြည့်ရတာ သူ့ဗိုက်ထဲမှာ အချိန်တော်တော်ကြာကတည်းက သွားစုနေပုံရတယ်။ ဒါက ပင်လယ်ထဲမှာ ဖျံတွေကို သေစေတဲ့ ရေထုပလပ်စတစ်ညစ်ညမ်းမှုနဲ့ ဆင်တူပါတယ်” ဟု ဒေသပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒါရိုက်တာ ကရင်ဆက်သန်နွန်ဖန်က ပြောသည်။

Photo: Office of Conservation Area 13 / Courtesy

သမင်ဟာ အသက် ၁၀နှစ်ခန့်ရှိပြီး အလေးချိန် ကီလို ၂၀ဝ အောက်ရှိကာ အစာချေဖျက်မှုဆိုင်ရာ ပြသနာနှင့် အသက်ကြီးရင့်မှုတို့ကြောင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ယူဆထားသည်။

ဒါရိုက်တာကရင်ဆက်က ယခုနှစ်အတွင်း နာမည်ကျော် ပင်လယ်ရေဖျံ(၂)ကောင် လူတို့ပရောဂကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ရည်ညွှန်းပြောပြသည်။

“ဒါကြောင့် ကျွန်တော်တို့ဟာ ပလပ်စတစ်အမှိုက်နဲ့ပတ်သက်တဲ့ အစီအမံတွေ၊ မူဝါဒတွေကို ရေတို၊ ရေရှည်၊ အနာဂတ်အထိ ရည်မှန်းပြီး ချမှတ်ဖို့ လိုနေပါပြီ” ဟု သူကပြောသည်။

Photo: Office of Conservation Area 13 / Courtesy

ပထမဆုံးအနေဖြင့် အဆိုပါအမျိုးသားဥယျာဉ်ကို ဝိုင်းဝန်းပြီး သန့်ရှင်းရေးပြုလုပ်ရန် ဒေသခံများကို အကူအညီ တောင်းရမည်ဖြစ်ကြောင်း မစ္စတာ ကရင်ဆက်က ပြောသည်။

ထို့နောက် ဥယျာဉ်အတွင်း အမှိုက်စနစ်စီမံခန့်ခွဲရန် ကော်မတီတစ်ရပ်ဖွဲ့ဖို့လိုပြီး ရေရှည်အတွက် ပလပ်စတစ်နှင့် ပတ်သက်သည့် ဆိုးကျိုးများနှင့် ပတ်သက်ပြီး လူထုကို ပညာပေးရန်လိုအပ်ကြောင်း သူက အကြံပြုသည်။

Photo: Office of Conservation Area 13 / Courtesy

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း၌ နိုင်ငံတစ်ဝှမ်းရှိ တိရိစ္ဆာန်ရုံများ၊ ဥယျာဉ်များအတွင်း ပလပ်စတစ်နှင့် ဖော့ဘူးများ အသုံးမပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။

ထို့အပြင် မဆွေးမြေ့နိုင်သည့် ပလပ်စတစ် (၄)မျိုးကို နိုင်ငံအတွင်း အသုံးမပြုရန် (၂)နှစ် စီမံချက်ဖြင့် ဆောင်ရွက်နေပြီး တစ်ခါသုံး ပလပ်စတစ်ပစ္စည်းများကို တစ်နှစ်အတွင်း ပိတ်ပင်နိုင်ရန် ထိုင်းလွှတ်တော်က ယခုလ အစောပိုင်းက ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်အနည်းငယ်အတွင်းကလည်း ဈေးဝယ်စင်တာများနှင့် လက်လီစတိုးဆိုင်များ အနေဖြင့် ပလပ်စတစ်အိတ်ဖြင့် ထည့်ပေးခြင်းကို ရပ်တန့်ရန် ပိုင်ရှင်များကို လက်မှတ်ရေးထိုးခိုင်းထားသည်။

Ref:Coconuts.co
NNN

MeKongNews

Design a site like this with WordPress.com
Get started