ထိုင်း အလုပ်သမားသံအရာရှိနှင့် ဝန်ထမ်းနှစ်ဦးကို အဂတိလိုက်စားမှုနဲ့ အရေးယူ

အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀ဝ)နှုန်းဖြင့် ကုမ္ပဏီ(၁၆)ခုထံမှ ထိုင်းဘတ်ငွေ (၃၈၇၃၀ဝဝ)

နေပြည်တော်၊ နိုဝင်ဘာလ ၇

ထိုင်းဘတ်ငွေ ၄၄ သိန်း(ကျပ်သိန်း ၂၂၀ဝကျော်) လာဘ်ငွေ ရယူမှုဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က နိုဝင်ဘာလ ၇ရက် ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား ဆောင်ရွက်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိသည် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ(၁၂)ခုထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ (၅၇၄၃၀ဝ)ကို တောင်းခံရယူခြင်း၊ ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမားအမည်စာရင်း (Name List) များ တင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀ဝ)နှုန်းဖြင့် ကုမ္ပဏီ(၁၆)ခုထံမှ ထိုင်းဘတ်ငွေ (၃၈၇၃၀ဝဝ) ကို လက်ခံရယူခဲ့ကြောင်း ဖော်ပြ၍ အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်တွင်းတွင် တိုင်ကြားသူကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သက်သေများ စစ်ဆေးခြင်း၊ စာရွက်စာတမ်း အထောက်အထား သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်မှ စာရင်းများကို တောင်းခံရယူ စစ်ဆေးခြင်းနှင့် တိုင်ကြားစာပါကိစ္စမှာ မြန်မာနိုင်ငံသားက ပြည်ပတွင် ကျူးလွန်သည့်ကိစ္စ ဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ပြီး သက်သေများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံရုံး၌ ၁၆-၁၂-၂၀၁၇ ရက်နေ့မှ ၁၆-၈-၂၀၁၉ ရက်နေ့ထိ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အလုပ်ခေါ်စာ Demand Letter များကို ပြည်ပ အလုပ်အကိုင်အေဂျင်စီကုမ္ပဏီများက တင်ပြရာတွင် ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးပေးရန်အတွက် ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်း ဘတ်ငွေများကို တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ထို့အပြင် ထိုင်းနိုင်ငံအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမားအမည်စာရင်း (Name List) များကို တင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀ဝ)နှုန်း ကောက်ခံပြီး ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေများကို ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုး နှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် အပါအဝင် ၎င်းက တာဝန်ပေးအပ်ထားသည့် အရပ်သား တချို့ထံမှတစ်ဆင့် လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့သည် ဦးစန်းမောင်ဦး အဂတိလိုက်စားမှုကျူးလွန်ရာတွင် အားပေးကူညီခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့အပေါ် ဤဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် ၆-၁၁-၂၀၁၉ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်သည်။

MK 001

MeKongNews

ဘန်ကောက်နေရာတော်တော်များများမှာ မီးခိုးမြူတွေပြန်ရောက်နေ

နောက်ထပ်ခရိုင် ၈ ခုမှာလည်း အန္တရာယ်ရှိတဲ့ပမာဏတွေရှိခဲ့ပါတယ်။

Photo- Ecozero Instagram

ဘန်ကောက်၊ နိုဝင်ဘာ ၇

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်က ဖာဆီချာရုန်နဲ့ ဘန်ဖလက်ခရိုင်တွေအပါအဝင် နေရာ ၁၄ နေရာမှာ ဖုန်မှုန့်ငယ်တွေအန္တရာယ်ရှိတဲ့အဆင့်ရောက်ခဲ့တယ်လို့ ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ကြာသပတေးနေ့မနက်ပိုင်းမှာ အစီရင်ခံပါတယ်။

ကြာသပတေးနေ့မနက် ၉ နာရီအထိ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုထဲပါဝင်တဲ့အန္တရာယ်ရှိပြီးသေးငယ်တဲ့အမှုန်(PM 2.5)တွေကို အခြေစိုက်စခန်း ၄၅ ခုကတိုင်းတာနိုင်ခဲ့ပြီး နောက်ထပ်စခန်း ၁၄ ခုမှာတော့ အန္တရာယ်ရှိတဲ့ပမာဏဖြစ်တဲ့ လေတစ်ကုဗမီတာမှာ ပါဝင်မှု ၅၁ ကနေ ၆၄ မိုက်ခရိုဂရမ်အထိရှိနေတာကိုတွေ့ခဲ့ရပါတယ်။

ထိုင်းအစိုးရက အန္တရာယ်ကင်းတယ်လို့သတ်မှတ်ထားတဲ့ပမာဏက ၅၀ မိုက်ခရိုဂရမ်ဖြစ်ပါတယ်။

အဆိုးဆုံးပမာဏရှိတဲ့နေရာတွေက ဖာဆီချာရုန်ခရိုင်က ဖက်ကာဆမ်လမ်းနဲ့ ဘန်ဖလက်ခရိုင်က ချာရန်ဆာနစ်ဝေါင်လမ်းတို့မှာပါ။

နောက်ထပ်ခရိုင် ၈ ခုမှာလည်း အန္တရာယ်ရှိတဲ့ပမာဏတွေရှိခဲ့ပါတယ်။

ဆာမွတ်ပရာခန်းခရိုင်က နေရာ ၂ ခုနဲ့ ဆာမွတ်ဆာခွန်ခရိုင်က နေရာ ၂ ခုမှာတော့ လေထုညစ်ညမ်းမှုပြင်းပြင်းထန်ထန်ရှိနေတယ်လို့ တိုင်းတာရရှိထားပါတယ်။

Source-Bangkok Post
Photo- Ecozero Instagram
Ohkkar

တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား နှစ်ဦးအား ပြည်နှင်လွှဲပြောင်း

တာချီလိတ်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ရောက် ရှိလာသော ထိုင်းနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၇ ရက်နေ့က ပြည်နှင်လွှဲပြောင်းခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က တာချီလိတ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဦးစန်းလွင်၏ လုံးချင်း သုံးထပ်တိုက် နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ငါးဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံသား Mr.Chaiya (၃၃ နှစ်)၊ ဖတ်ထလွန်မြို့၊ သမွတ်ခရိုင်၊ ထိုင်းနိုင်ငံနေသူနှင့် Mr.Mo (၄၆ နှစ်)၊ အိန်မိုမွန်ရပ်ကွက်၊ ချင်းရိုင်းမြို့၊ ထိုင်းနိုင်ငံနေသူတို့ နှစ်ဦးသည် မကာဟိုခမ်းရပ်ကွက်၊ မယ်ဆိုင်ရေချောင်းမှ တရားမဝင် ဝင်ရောက်လာခဲ့ပြီး မူး/စိတ် ဥပဒေပုဒ်မ-၁၆(ဂ)/၂၁ အရ စွဲထားသောအမှုတွင် အမှုနှင့် သက်ဆိုင်ခြင်းမရှိ၍ လဝကအက်ဥပဒေ ပုဒ်မ-၃(၁)ကျူး/၁၃(၁)အရ ဒဏ်ငွေ ကျပ်ငါးသိန်းပေးဆောင်စေ၊ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ခြောက်လစီကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။

အဆိုပါ တရားခံများသည် ဒဏ်ငွေကျပ် ငါးသိန်းစီအား ပေးဆောင်ခဲ့ပြီး ပြစ်ဒဏ်ငွေဒဏ် ကျခံပြီးဖြစ်သဖြင့် နိုဝင်ဘာ ၇ ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်း မှ ထုတ်ယူပြီး လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(၆)တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပြည်နှင့်အဖွဲ့မှ ထိုင်းနိုင်ငံသား နှစ်ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများထံ သို့ လွှဲပြောင်းပေးအပ်ပြည်နှင်ခဲ့ပြီး အမည်မည်းစာရင်း (Black List) ရေးသွင်းခဲ့ကြောင်း သိရသည်။

MK 002

MeKnogNews

ဗစ်တိုးရီးယားအမှု CCTV စစ်ဆေးရာတွင် ဗွီဒီယိုဖိုင် ပါမလာ

နေပြည်တော်၊ နိုဝင်ဘာ ၆
ယဉ်ကေနွယ်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနဲ့ ပတ်သက်ပြီး ယနေ့ ပြုလုပ်သည့် ၁၀ ကြိမ်မြောက် ရုံးချိန်းမှာတော့ Wisdom Hill ကျောင်းမှ ဆရာမ ဝန်ထမ်း ၂ ဦးနှင့် CCTV မှ တာဝန်ရှိသူအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ယင်းသို့ စစ်ဆေးမေးမြန်းရာတွင် Hard disk မှ ဗွီဒီယိုဖိုင်များ ပါလာခြင်းမရှိကြောင်း အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။

“ဖိုင်ထဲမှာ တခု မှကို မရှိဘူး။ အကုန်လုံး ဘာမှ မရှိဘူး။တရက်စာမှကို မရှိတာ တစ်မိနစ်မှကို မရှိတာ။သူတို့ချင်းကို ဘာမှ မသိတာ သူတို့ ကူးတုန်းက ဒီပြသနာ ပေါ်ပါက်ပြီး တော့ ဒီ Hard disk ထဲက ကိုရန်နောင်ဌေး ကိုယ်တိုင် စတစ်ထိုးပြီးတော့ ကူးခဲ့လို့ ဗွီဒီယိုဖိုင် ၁၁ ဖိုင် ရတယ်လို့ သူပြောတယ်။ ဒါပေမဲ့ အဲ့လို ကူးပြီးတဲ့ အခါမှာ ရက်လည်း မမှတ်မိဘူးပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ CID က သိမ်းသွားတယ်ပေါ့နော်။CID က သိမ်းသွားပြီးတော့ ပြန်ပေးတယ်ပေါ့နော်။ အဲ့ပြန်ပေးတဲ့ အခါမှာပါမပါ လည်း သူမသိဘူးပေါ့။ သေချာတာ တစ်ခု က သူကူးခဲ့လို့ ဒီထဲမှာ ရှိခဲ့လို့သာရခဲ့တာပေါ့နော်ဒီထဲမှာ မရှိတော့တာက ဘယ်သူ့ကြောင့် မရှိတော့တာလဲ။ ဘာကြောင့် မရှိတော့တာလဲ ကျွမ်းကျင်ပညာရှင်တွေ စစ်မှ ပဲ သိမယ်ရှင့်”ဟု ဒေါ်စုဒါလီအောင်ကပြောသည်။

ထိုသို့ မပါလာသည့် အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးရန် ရုံးတော်သို့လျှောက်ထားရာ ရုံးတော်မှ လက်ခံခဲ့သည်။

လာမည့် ၁၁ ကြိမ်မြောက်ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ဆရာဝန်နှင့် ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်တို့ကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Source – The Fifth Wave News

ထိုင်းတောင်ပိုင်းသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၅ ယောက်သေဆုံး

Photo-Abdullah Benjakat/ Bangkok Post

ဘန်ကောက်၊ နိုဝင်ဘာ ၆

မွတ်ဆလင်အများစုရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လုံခြုံရေးဂိတ်တစ်ခုမှာ ခွဲထွက်ရေးသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုလို့ ယူဆရတဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံးလူ ၁၅ ယောက်သေဆုံးခဲ့ပြီး ကျေးရွာကာကွယ်ရေးစေတနာ့ဝန်ထမ်း ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းလုံခြုံရေးအရာရှိတွေက ဗုဒ္ဓဟူးနေ့မှာအတည်ပြုပါတယ်။

အင်္ဂါနေ့ညက ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအကြီးဆုံးတိုက်ခိုက်မှုလို့ အာဏာပိုင်တွေကပြောတဲ့ ယာလာခရိုင်ကတိုက်ခိုက်မှုမှာ တိုက်ခိုက်ရေးသမားတွေက ဖောက်ခွဲရေးပစ္စည်းတွေသုံးခဲ့ပြီး သံမှိုတွေဖြန့်ချခဲ့လို့ တပ်ဖွဲ့တွေနောက်ကလိုက်ဖို့ အချိန်ကြာခဲ့ပါတယ်။

“ဒါသောင်းကျန်းသူတွေရဲ့လုပ်ရပ်နဲ့တူနေတယ်။ ပြီးတော့ မကြာသေးခင်အချိန်တွေထဲမှာဆိုရင်တော့ အပြင်းထန်ဆုံးပဲ။” လို့ ဒေသလုံခြုံရေးတပ်ဖွဲ့ပြောခွင့်ရသူဗိုလ်မှူးကြီးပရာမို့ ပရွမ်အင်းကပြောပါတယ်။

၂၀ဝ၄ ခုနှစ်ကစပြီး ထိုင်းတောင်ပိုင်းက မလေးမွတ်ဆလင်တွေနေတာများတဲ့ ယာလာ၊ ပတာနီနဲ့ နရာသီဝတ်ခရိုင်တွေမှာ ခွဲထွက်ရေးသောင်းကျန်းမှုတွေ စတင်ခဲ့တာကြောင့် လူ ၇၀ဝ၀ နီးနီးသေဆုံးခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အင်အားသုံးတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Deep South Watchအဖွဲ့က ထုတ်ပြန်ပါတယ်။

ထိုင်းတောင်ပိုင်းအတွင်းကျကျမှာ ဖြစ်လေ့ရှိတဲ့ တိုက်ခိုက်မှုတွေအတိုင်း ဒီဖြစ်ရပ်အတွက် တာဝန်ရှိတယ်လို့ ဘယ်သူကမှ ထုတ်မပြောထားပါဘူး။

ယာလာ၊ ပတ်တာနီနဲ့ နရာသီဝတ်တို့ဟာ ၁၉၀၉ ခုနှစ်မှာ ထိုင်းက လွတ်လပ်တဲ့ မလေးမွတ်ဆလင်ဘုရင်တွေရဲ့ နယ်မြေတွေကို သိမ်းယူခဲ့တဲ့နေရာတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ထူထောင်ဖို့ သူတို့တိုက်ခိုက်နေကြတာလို့ ထိုင်းတောင်ပိုင်း သူပုန်အဖွဲ့တချို့က ပြောပါတယ်။

Source-Reuters
Photo-Abdullah Benjakat/ Bangkok Post
Ohkkar

MeKongNews

အင်ဒိုကျွန်းမှာ သောင်တင်နေတဲ့ထိုင်းတံငါသည်တွေကို ကယ်တင်ဖို့ တိုက်တွန်း

သောင်တင်နေတဲ့အထဲ မြန်မာ ၄၄ ယောက် ပါပါတယ်

ဘန်ကောက်၊ နိုဝင်ဘာ ၆

အင်ဒိုနီးရှားနိုင်ငံက လူမနေတဲ့ တူအန်ကျွန်းမှာသောင်တင်နေတဲ့ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က တံငါသည်အနည်းဆုံး ၅၄ ယောက်ကို မကြာသေးခင်က အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက်(LPN)ရဲ့ ကယ်ဆယ်ရေးဆောင်ရွက်မှုမှာတွေ့ခဲ့ပြီး သူတို့ကိုကယ်တင်ဖို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် LPNမန်နေဂျာလည်းဖြစ်တဲ့ပတ်တီမာ တောင်ပူချေယာကူက တိုက်တွန်းလိုက်ပါတယ်။

တွေ့ခဲ့တဲ့တံငါသည်တွေထဲမှာ ထိုင်းနိုင်ငံသား ၈ ယောက်၊ မြန်မာနိုင်ငံသား ၄၄ ယောက်၊ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံသား ၁ ယောက်စီပါဝင်ပါတယ်။
သူတို့အားလုံးခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာနေနေရပြီး အမြန်ဆုံးအိမ်ပြန်ချင်နေကြတယ်လို့ ပတ်တီမာက အင်္ဂါနေ့မှာပြောပါတယ်။

အင်ဒိုနီးရှားကျွန်းတွေမှာ သောင်တင်နေတဲ့တံငါသည်တွေကို ကယ်တင်ဖို့ LPNရဲ့ နောက်ဆုံးအားထုတ်မှုတွေမှာ အထောက်အထားမဲ့ တံငါသည်အယောက် ၁၀ဝ ကျော်လောက် သောင်တင်နေကြတယ်လို့ LPNကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တရားမဝင်ငါးဖမ်းတာတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖြိုခွင်းခဲ့ချိန်မှာ သူတို့ကိုပစ်ပြီးထွက်ပြေးခဲ့တဲ့လှေပိုင်ရှင်တွေက အထောက်အထားတွေကို သိမ်းထားတာကြောင့် ထိုင်းသံရုံးကသူတို့ရဲ့အထောက်အထားတွေကို အတည်ပြုပေးဖို့ ထိုင်းတံငါသည်တွေကစောင့်နေကြတယ်လို့လည်း ပတ်တီမာကပြောပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အင်ဒိုနီးရှားကျွန်း ၃ ကျွန်းကနေ ထိုင်းအလုပ်သမားတွေကိုပြန်ခေါ်နိုင်အောင်ကူညီပေးဖို့ ထိုင်းအစိုးရအေဂျင်စီတွေကို LPNကတိုက်တွန်းခဲ့ပါတယ်။

ဘန်တန်ကျွန်းမှာ အထောက်အထားမဲ့ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားတံငါသည် ၅၀ ကျော် သောင်တင်နေတယ်လို့လည်း ပြောပါတယ်။

အိမ်မပြန်နိုင်ခင်မှာ ပြင်းထန်ကြမ်းတမ်းတဲ့အခြေအနေကြောင့် အလုပ်သမားတော်တော်များများသေဆုံးခဲ့ပြီး ကျွန်းတွေပေါ်မှာပဲ မြှုပ်နှံခဲ့ရတယ်လို့ ပတ်တီမာကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ ထိုင်းအလုပ်သမား ၃၀ဝ၀ နီးနီးကို LPNက ကယ်တင်ခဲ့ပေမဲ့ အဲဒီမှာ တံငါသည်တွေရှိနေသေးတယ်လို့ တိုင်ကြားနေတာတွေရှိနေတယ်ဆိုပြီးလည်း LPNဘက်ကပြောပါတယ်။

Source-Bangkok Post
Photo-Bangkok Post
Ohkkar

ဦးစိုးထွန်းရှိန်ကို မန္တလေးသို့ ပို့ဆောင်

တာချီလိတ်၊ နိုဝင်ဘာ ၆

နိုင်ငံတော်ကို ရွှေအခွန်ကြွေးကျန် ပေးသွင်းရန် ကျန်ရှိမှုဖြင့် ထွက်ပြေးနေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး နိုဝင်ဘာလ ၆ရက်နေ့လည်ပိုင်းက တာချီလိတ်မြို့မှ တဆင့် မန္တလေးမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

နေ့လည် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့သို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် လွှဲပြောင်းပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၅ မိနစ်တွင် အဲသံလွင်လေကြောင်းလိုင်းဖြင့် တာချီလိတ်မြို့မှတဆင့် မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဦးစိုးထွန်းရှိန်သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုဖြင့် အမှုဖွင့် တရားစွဲဆိုခံရထားရပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

MK 001

အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိ

သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်

အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း

တာချီလိတ်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားအထူးဒေသ(၄)တို့ အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်း တာဝန်ရှိသူများက ဖြေရှင်းပြောကြားသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်လုံစစ်ဆေးရေးဂိတ်တွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့မှ အောက်ခြေတပ်သားအချင်းချင်း သာမန်စကားများမှုသာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာမျိုး မဖြစ်ပွားခဲ့ကြောင်း မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။

“ပစ်တာ ခတ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ သေနတ်တစ်ချက်ဖောက်ရင်တောင် အစီရင်ခံစာတင်ရတာ။ အောက်ခြေတပ်သားချင်း သာမန် အခြေအတင်ဖြစ်တာလောက်ပဲရှိတယ်” လို့ သူက ပြောသည်။

လက်ရှိတွင် မိုင်းခတ်မြို့နှင့် အနီးတဝိုက်တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက်ရှိကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့တို့အကြား ပစ်ခတ်ခြင်း၊ စစ်ရေးတင်မာခြင်း စသည့် သတင်းမျိုး ရရှိခြင်းမရှိကြောင်း ဝ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောသည်။

“ဒီသတင်းတွေနဲ့ ပတ်သက်လို့ အောက်ခြေက ဘာသတင်းမှ မကြားရဘူး။ အောက်ခြေမှာ တခါတလေ ထိတွေ့မှုတွေတော့ ရှိတတ်ပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ထို့အပြင် မိုင်းလား နယ်မြေထဲသို့ ဝ တပ်ဖွဲ့များ ဝင်ရောက်နေခြင်းမှာ ယခုမှ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း ဦးညီရမ်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရတပ်မတော်နှင့် မိုင်းလားဒေသ တာဝန်ရှိသူများထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဝ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဝ တပ်ဖွဲ့များက မိုင်းလာနယ်မြေအတွင်းမှ တပ်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ဖူးသည်။ ထိုဖြစ်စဉ်နောက်ပိုင်း မိုင်းလား အထူးဒေသ (၄) တာဝန်ရှိသူများက တပ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်ခဲ့ကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

MK 001

ပထမဆုံးအကြိမ် တန်ဆောင်တိုင်ပွဲအတွက်ပြင်ဆင်

တာချီလိတ်မြို့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်

တာချီလိတ်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ် ပထမအကြိမ် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံများ လွှတ်တင်သည့်အခါ အန္တရာယ်ကင်းစေရန်အတွက် မီးပုံပျံ မှိုင်းဖြူထောင်ခြင်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ရှမ်းရိုးမကွင်း၌ စမ်းသပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်ညနေ ၄ နာရီခန့်၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ပွဲတော်ကျင်းပနိုင်ရေးကော်မတီ ဥက္ကဌ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)နှင့် အဖွဲ့ဝင် များသည် ပထမအကြိမ် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် လွှတ်တင်မည့် ခေါင် ၂၂ ပေရှိ ညမီးကြီး တစ်လုံးနှင့် ၁၈ ပေရှိ ပန့်သကူ မီးပုံးပျံနှစ်လုံးကို မှိုင်းဖြူထောင်ခြင်းကို စမ်းသပ်ခဲ့ကြသည်။

“ဒီနေ့စမ်းသပ်တာကို မှိုင်းဖြူထောင်လို့လည်းခေါ်ပါတယ်။ မီးပုံပျံ ကြံခိုင်မှု အားကောင်း/မကောင်း၊ ကျွန်တော် လုပ်ထားတာတွေ စနစ်ကျ မကျတာတွေကို အဓိကထားပြီး စမ်းသပ်တာပါ။ အခုစမ်းသပ်တဲ့ နှစ်လုံးက ကျပ်သိန်း ၈၀ လောက်ကုန်ကျတယ်ပေါ့။ တာချီလိတ်အနေအထားနဲ့ဆို အချို့ဟာ တွေကက ဘတ်ငွေနဲ့ရောသုံးရတာတွေရှိတယ်။ ပထမဆုံးအကြိမ်လည်းဖြစ်တဲ့အတွက် ယမ်းတန်ချိန်ကို ၂၀၊ ၂၅ လောက်ပဲ အန္တရာယ်ကင်းအောင်သုံးမှာပါ” ဟု မီးပုံပျံ လွှတ်တင်ရေးအဖွဲ့ခေါင်းဆောင် ကိုကြီးက ပြောသည်။

ပွဲတော်ရက်အား နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် ညမီးကြီး နှစ်လုံးနှင့် နေ့အလှရုပ် ၁၃ လုံးတို့ကို လွှတ်တင်မည်ဖြစ်ပြီး ညမီးကြီး လွှတ်တင်မည့် နေရာကို ဆေခမ်းရပ်ကွက်ရှိ ရှမ်းယဉ်ကျေးမှုကွင်း သို့မဟုတ် Regina ဂေါက်ကွင်းတွင် လည်းကောင်း၊ နေ့အလှရုပ် မီးပုံပျံများကို ရှမ်းရိုးမကွင်းတွင်လည်းကောင်း လွတ်တင်မည်ဖြစ်သည်။

“လွှတ်တင်မည့်နေရာတွေကို အစည်းအဝေးမှာ အတည်ပြုမှာပါ၊ နေ့အလှရုပ် ၁၃ ရုပ်ကလည်း လက်ရှိစာရင်းပေါ့၊ နောက်ထပ်လည်း ထပ်တိုးလာနိုင်သေး၊ ပွဲတော်ကျင်းပနိုင်ရေးကော်မတီအနေနဲ့က ညမီးကြီးနဲ့ နေ့အလှရုပ်တွေကို ရှမ်းရိုးမကွင်းမှာ လုပ်ဖို့တော့ အစည်းအဝေးမှာ တင်ပြဖို့တော့ရှိပါတယ်”ဟု ပွဲတော်ကျင်းပနိုင်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးပုံပျံ မှိုင်းဖြူထောင် စမ်းသပ်ကွင်းသို့ တာချီလိတ်စစ်ဗျူဟာမှူး၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပနိုင်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ လာရောက်အားပေးခဲ့ကြောင်းသိရသည်။
MK 002

၃၁နှစ်ပြည့် SNLD

၈၈၈၈ အရေးတော်ပုံနှင့်အတူပေါ်ပေါက်လာသည်

တာချီလိတ်တွင်လည်း ကျင်းပခဲ့သည်

တာချီလိတ်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမဆောင်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD(ကျားခေါင်းပါတီ) တည်ထောင်ခြင်း (၃၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းရှေ့ SNLD ဥက္ကဌ စိုင်းပန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက ပါတီ(ဗဟို) ဥက္ကဋ္ဌဌ ဦးခွန်ထွန်းဦးမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ထို့နောက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဗဟိုအဖွဲ့ချုပ်မှ နမ္မတူမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနှင့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းတို့က ပါတီတည်ထောင်ခဲ့တဲ့ အကြောင်းအရာများ၊ လွှတ်တော် အတွေ့အကြုံနှင့် မြေယာကိစ္စများကို အသီးသီး ရှင်းလင်းပြောကြားပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

“ဒီဘက်မှာက လွှတ်တော်အနေ့နဲ့ ကျွန်တော်တို့ ပါတီကမရှိဘူးလေ၊ ဘယ်လိုကနေ ချိတ်ဆက်မလဲ ပြည်သူတွေရဲ့အခက်အခဲတွေ၊ ဥပမာ မြေယာကိစ္စတွေ အများကြီးရှိတယ်လို့ ကြားရတယ်။ အဲဒီတော့ ဘယ်လိုချိတ်ဆက်မယ်။ ဘယ်လိုဆောင်ရွက်ပေးနိုင်သလဲ။ ပါတီအနေနဲ့ ထိထိရောက်ဆောင်ရွက်နိုင်ဖို့ပေးပေါ့၊ ပါတီထူထောင်ခြင်းကို အကြောင်းပြုပြီး ပြည်သူနဲ့တွေ့ဆုံခြင်းပဲပေါ့” ဟု ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းကပြောသည်။

ရှမ်းရှေ့အပိုင်းဘက်တွင် ပါတီအနေဖြင့် အင်အားနည်းနေသေးကြောင်း။ တွန်းတွန်းတိုက်တိုက်နဲ့ ကြိုးစားချင်သေးကြောင်းလာမယ့် ၂၀၂၀ အတွက်ကော လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာကော ဒေသခံတွေ ထောက်ခံတဲ့ ပါတီတွေ ဒေသခံတွေ ကိုယ်တိုင် လွှတ်တော်ထဲဝင် ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေ နိူင်ငံရေးအမြင်ရရှိဖို့ လုပ်ဆောင်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အခမ်းအနားသို့ နမ္မတူမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းအရှေ့ SNLD ဥက္ကဌ စိုင်းပန်းရွှေ၊ တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတီနှင့် ပါတီဝင်များ၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ နမ္မတူ၊ တောင်ကြီး၊ မိုင်းဖြတ်၊ တာလေ မြို့နယ်များမှ ပါတီ EC အဝင်များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၂ဝဝဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

MK 002

Design a site like this with WordPress.com
Get started