
တာချီလိတ်၊ ဒီဇင်ဘာ ၁၁ ရက်
မြန်မာနိုင်ငံတွင်းရှိ မြို့များသို့ သွားရောက် လည်ပတ်ခဲ့သော မလေးရှားနိုင်ငံသား ၁၉ ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၈ စီးဖြင့် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းက ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Myanmar Senses Family Travel & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ၁၉ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၈ စီးဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်၍ မြဝတီ-ကျိုက်ထီးရိုး-ရန်ကုန်-နေပြည်တော်-ပုဂံ-မန္တလေး-အင်းလေး-နမ့်စန်-ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ သွားရောက်လည်ပတ်ပြီး ယနေ့ တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

နိုင်ငံခြားခရီးသွားများသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှု လေ့လာခံစားနိုင်ရန် နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

MK-002