Photo by http://www.icj-cij.org

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံတကာတရားရုံး ICJမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရှင်းလင်းတင်ပြချက်ဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေအပေါ် ကျူးလွန်ထားတဲ့ဖြစ်ရပ်တွေလျော့သွားအောင်လုပ်တာလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာအဖွဲ့ (A.I)က ဗုဒ္ဓဟူးနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုများကို လျှော့ပေါ့အောင်ကြိုးစားလုပ်ဆောင်တာဖြစ်တယ်။ ရိုဟင်ဂျာတွေရဲ့နာမည်ကိုတောင် မသုံးသွားဘူး။ ချိုးဖောက်မှုတွေရဲ့ ပြင်းထန်မှု အတိုင်းအတာကိုလည်း အသိအမှတ်ပြုခြင်း မရှိပါဘူး။ ဒီလို ငြင်းပယ်မှုတွေဟာ တမင်သက်သက် လှည့်စားဖို့ကြိုးစားတာဖြစ်ပြီး အန္တရာယ်ရှိပါတယ်။” လို့ A.I အရှေ့အာရှဒေသညွှန်ကြားရေးမှူး နီကိုလပ် ဘီကွယ်လင်က ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရွှေ့ပြောင်းခဲ့ရတာဟာ လူသတ်မှု၊ အဓမ္မမှုနဲ့ အကြမ်းဖက်မှုတွေကို စုပေါင်းလုပ်ခဲ့ကြတာရဲ့ရလဒ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုအာရုံစိုက်ခဲ့ကြပေမဲ့ ICJမှာ တရားစွဲထားတာဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေတရားမျှတမှုရရေးဖြစ်တယ်ဆိုတာမမေ့ဖို့ဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။

နိုင်ငံတကာတရားရုံး ICJမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာဟာ မပြည့်မစုံဘဲ လမ်းလွဲစေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

တပ်မတော်က အချိုးအစားမကျတဲ့အင်အားသုံးခဲ့တယ်လို့ဝန်ခံခဲ့ပေမဲ့ ရခိုင်မြောက်ပိုင်းပဋိပက္ခဟာ အလွန်ရှုပ်ထွေးပြီး အတိမ်အနက်နားလည်ဖို့မလွယ်ဘူးလို့လည်း နိုင်ငံတော်အတိုင်ပင်ခံကလျှောက်တင်ခဲ့တာပါ။

ဒီနေ့မှာတော့ မြန်မာနဲ့ဂမ်ဘီယာတို့အပြန်အလှန်လျှောက်လဲချက်ပေးကြရမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက ကြားနာမှုအပြည့်အဝမပြီးသေးခင် ဘင်္ဂါလီတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ohkkar #MeKongNews

Photo-ICJ

Leave a comment

Design a site like this with WordPress.com
Get started