ဘန်ကောက်၊ ဒီဇင်ဘာ ၁၃

ထိုင်းအတိုက်အခံပါတီFuture Forward (FFP)ခေါင်းဆောင်သာနာသွန်း ဝမ်ဂရူအန်ဂရူအန်ကစ်က ပါတီထောက်ခံသူတွေကို ဘန်ကောက်မြို့ရှိပသွမ်ဝမ်ခရိုင်တွင် စနေနေ့ညနေပိုင်းတွင်စုဝေးပြီး တရားမျှတမှုတောင်းဆိုရန် ဖိတ်ခေါ်ခဲ့သည်။

သောကြာနေ့နေ့လည်ပိုင်းတွင် သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင်တင်ခဲ့သော တစ်မိနစ်ကြာဗီဒီယိုတွင်ပြောခဲ့ခြင်းဖြစ်သည်။

စနေနေ့ညနေ ၅ နာရီတွင် ဘန်ကောက်အနုပညာနှင့်ယဉ်ကျေးမှုစင်တာရှေ့ရှိ ဝရန်တာတွင်စုဝေးသင့်ကြောင်းဖိတ်ခေါ်ခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်မှုများအတွက် သာနာသွန်းက ပါတီအမှုဆောင်အဖွဲ့ကို ဘတ် ၁၉၁ သန်းချေးခဲ့သည်ဟုဆိုကာ FFP ဖျက်သိမ်းရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကိုတောင်းဆိုမည်ဟု ဗုဒ္ဓဟူးနေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ခဲ့ပြီးနောက် သာနာသွန်းက ယခုလိုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မတ်တွင် ထိုင်းရွေးကောက်ပွဲအတွက် နာမည်စာရင်းတင်သွင်းခဲ့ရာ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာပိုင်ဆိုင်နေကြောင်းတွေ့ရှိခဲ့သည်ဟုဆိုပြီး သာနာသွန်းကို အမတ်အဖြစ်အရည်အချင်းမပြည့်မီကြောင်း တရားရုံးက နိုဝင်ဘာတွင် ဆုံးဖြတ်ခဲ့သည်။

လုံခြုံရေးအာဏာပိုင်များက အခြေအနေကို ကိုင်တွယ်ဖြေရှင်းမည်ဟု ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက သာနာသွန်း၏ဖိတ်ခေါ်မှုကို တုံ့ပြန်ပြောသည်။

လူထုစုဝေးမှုမလုပ်ခင် ခွင့်ပြုချက်တောင်းရသည်ကို ဥပဒေအသိရှိသူတိုင်းသိသည်ဟုလည်း ပရာရွတ်ကပြောသည်။

ထိုင်းရွေးကောက်ပွဲကော်မရှင် စုံစမ်းရေးညွှန်ကြားရေးမှူးနှင့် နိုင်ငံရေးပါတီများရေးရာညွှန်ကြားရေးမှူးတို့က သောကြာနေ့တွင် FFPဖျက်သိမ်းရန်အဆိုကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးထံတင်သွင်းခဲ့ပြီး အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Source-Bangkok Post

MeKongNews #ဥက္ကာ

Photo- Thanathorn Facebook

Leave a comment

Design a site like this with WordPress.com
Get started