တင်းမာမှုမြင့်လာချိန်တွင် ဆန္ဒပြပွဲများပြန်ဖြစ်လာနိုင်ချေရှိဟု ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံမှ အာဏာရှင်ထောက်ခံသည့် အဖွဲ့အစည်းများက ဒီမိုကရေစီပြောင်းလဲမှုများကို ဆက်လက် ခုခံနေပါက လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်လည်မြင်တွေ့ရနိုင်သည်ဟု ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံပါတီ Future Forward ခေါင်းဆောင်က ပြောသည်။

လာမည့်လတွင် Future Forwardပါတီ ဖျက်သိမ်းခံရမလားဟု တရားသူကြီးများဆုံးဖြတ်ရန်ရှိနေချိန်တွင် ယခုလိုပြောဆိုခြင်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၊ ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ပါတီနှင့် ပါတီအရာရှိကြီးများကို ပုဒ်မ ၂ ဒါဇင်ကျော်ဖြင့် ခေါင်းချိုးထားသည်ဟု သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်က ပြောသည်။
အာဏာရှင်တွေက လူတွေအပြင်ထွက်အောင်လုပ်နေတယ်ဟု သာနာသွန်းကပြောသည်။

“အခြေအနေတွေထိန်းနိုင်တယ်လို့ သူတို့ကမြင်တဲ့ပုံပေါ်ပေမဲ့ လူတော်တော်များများက တခြားနည်းနဲ့တွေးမှာပါ။ ကျွန်တော်မယုံပါဘူး။ ဒါတော်တော်အန္တရာယ်များတဲ့ အလောင်းအစားပဲ” ဟုပြောသည်။

ထိုင်းစစ်တပ်က အာဏာဆက်ယူထားခြင်းကို ဝေဖန်နေသူသာနာသွန်းက အာဏာသိမ်းမှုများ ဖြစ်ခဲ့သည့် ရာဇဝင်ရှိသော နိုင်ငံတွင် စစ်တပ်လွှမ်းမိုးမှုကို ဆန့်ကျင်နေသည်။

မီဒီယာပိုင်ဆိုင်မှု စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် နိုဝင်ဘာတွင် သာနာသွန်းကို လွှတ်တော်ဝင်ခွင့်ပိတ်ထားပြီး နိုင်ငံရေးလှည့်ကွက်ပါသည့်စွပ်စွဲချက်များဟု သာနာသွန်းက တုံ့ပြန်ထားသည်။

Source-Bangkok Post
Photo-Bangkok Post

ဥက္ကာ #MeKongNews

ထိုင်းကလေးငယ်များကို အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ပေးရန်ဆုံးဖြတ်

Photo-Coconuts

ဘန်ကောက်၊ ဒီဇင်ဘာ ၃

နိုင်ငံတဝှမ်းရှိ အစိုးရကျောင်းများတွင် အင်္ဂလိပ်စာအတန်းများ ပိုမိုတိုးမြှင့်ပေးရန် တနင်္လာနေ့က အစည်းအဝေးအပြီးတွင် ထိုင်းပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။

အထူးအင်္ဂလိပ်စာအတန်းများကြောင့် ဥရောပဘာသာစကားအညွှန်း အခြေခံမူဘောင်(CEFR)တွင် ထိုင်းကျောင်းသားများအနိမ့်ဆုံး B2အဆင့်တွင် ရှိလိမ့်မည်ဟု ထိုင်းအခြေခံပညာရေးကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူး အမ်နက် ဝီချာယာနူဝက်ကပြောသည်။

CEFRအဆင့်အတန်းသည် ဥရောပနိုင်ငံများကြားတွင် ရေပန်းစားပြီး နိုင်ငံတကာလက်ခံသည့် သတ်မှတ်ချက်ဖြစ်သည့်အပြင် နိုင်ငံခြားဘာသာစကားလေ့လာသူများကို စွမ်းရည်အကဲဖြတ်ရာတွင် အများဆုံး လက်ခံကြသောတိုင်းတာမှုတစ်ခုလည်းဖြစ်သည်။

အင်္ဂလိပ်ဆရာများထပ်တိုးရှာရန် နိုင်ငံခြားသံရုံးများနှင့်လည်း ဝန်ကြီးဌာနက ဆွေးနွေးနေသည်။

အပိုသင်တန်းများကို လာမည့်စာသင်နှစ်ကစပြီး နိုင်ငံတဝန်းရှိ အစိုးရကျောင်းများတွင် မိတ်ဆက်သွားမည်ဟုလည်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသည် EFအင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်းတွင် အဆင့် ၆၄ ရှိနေပြီး မြန်မာနှင့်ကမ္ဘောဒီးယားမှအပ အာရှတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်း အနည်းဆုံးနိုင်ငံဖြစ်သည်။

Source-Bangkok Post
Photo-Coconuts

ဥက္ကာ #MeKongNews

တရုတ်နဂါးခံတွင်း၀ သက်ဆင်းနေရသည့် မြန်မာ့ပန်းဖူးလေးများ

Photo by Htet Aung (Mandalay In-depth)

တရုတ်အမျိုးသား တစ်ဦးနှင့် (၇)လကြာ လက်ထပ်ပေါင်းသင်းခဲ့ရသည့် အသက်(၁၄)နှစ်အရွယ် ရှမ်းတိုင်းရင်းသူ နန်း၏ အသွင်အပြင်က မူလတန်း ကျောင်းသူလေးနှင့် တူသည်။ ဖြူလွလွ အသားအရည်၊ မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတိုနှင့် သူမမှာ ငယ်ရုပ်မပျောက်သေးဘဲ ပိန်လှီသော ကိုယ်ခန္ဓာနှင့် သေးသွယ်သော ခြေချောင်း၊လက်ချောင်းလေးများ ရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ ကျေးရွာလေးတစ်ရွာတွင် မိသားစုနှင့်အတူ နေထိုင်သော နန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး တရုတ်အမျိုးသားတစ်ဦးနှင့် (၇)လကြာ လက်ထပ် ပေါင်းသင်းခဲ့ရသည်။

ဒေသခံ လူပွဲစားများက အသက်(၁၄)နှစ်အရွယ် နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် နန်း၏ ဖခင်ဖြစ်သူကို စည်းရုံးခဲ့သည်။

နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် သဘောတူလျှင် ထိုင်းဘတ်ငွေ (၇)သောင်း (မြန်မာငွေ ကျပ်သိန်း၃၀ကျော်)ဖြင့် တောင်းရမ်းမည်ဖြစ်ပြီး မင်္ဂလာအခမ်းအနား ကျင်းပပေးမည် ဖြစ်ကြောင်းနှင့်  လက်ထပ်ပြီး နောက်ပိုင်းတွင်လည်း လစဉ် ကျပ်(၁၂)သိန်း ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ကြောင်း အသက်(၅၀)အရွယ် နန်း၏ ဖခင်က ရှမ်းဘာသာစကားဖြင့် ပြောသည်။

Photo – Htet Aung (Mandalay In-depth News)

လွန်ခဲ့သည့် သုံးနှစ်ခန့်က မိုင်းရှူးမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ပြီး နေ့စားအလုပ်ဖြင့် မိသားစုဝင် (၁၂)ဦးကို ရှာဖွေကျွေးမွေးနေရသော နန်း၏ ဖခင်အတွက် လူပွဲစားများ၏ ကမ်းလှမ်းမှုက မက်လောက်စရာ ဖြစ်ခဲ့သည်။ နန်းနှင့် နန်း၏ဖခင် အပါအဝင် မိသားစုဝင်များ အားလုံးသည် ရှမ်းဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုနိုင်သည်။ နန်း၏ ဖခင်မှာ သမီးဖြစ်သူ၏ အသက်အရွယ်ကို အတိအကျ မသိဘဲ မှန်းခြေဖြင့်သာ ပြောဆိုသည်။

“သမီးကို မင်္ဂလာဆောင်ဖို့ ခေါ်သွားမယ်။ မင်္ဂလာဆောင်ရင် အမျိုးတွေ အကုန် လိုက်ချင်သလောက် လိုက်ခဲ့။ လေယာဉ်နဲ့ ခေါ်ပေးမယ်လို့ ပြောပြီး သမီးကို ခေါ်သွားတယ်” ဟု နန်း၏ ဖခင်က ပြောသည်။

နန်း၏ ဖခင်က ခေါင်းညိတ်လိုက်သည်နှင့် တပြိုင်နက် လူပွဲစားများက နန်းကို ခေါ်ဆောင်သွားခဲ့သည်။ သို့သော် လူပွဲစားများက ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးအပ်ခဲ့ခြင်း မရှိသလို (၇)လအကြာတွင် နေအိမ်သို့ နန်း ပြန်လည် ရောက်ရှိလာချိန်အထိ မည်သည့် အဆက်အသွယ်မှ မရဘဲ ဖြစ်ခဲ့သည်ဟု နန်း၏ ဖခင်က ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း တရုတ်အမျိုးသားများက မြန်မာအမျိုးသမီးများကို တရားဝင် လက်ထပ်ထိမ်းမြားကာ လူကုန်ကူးမှုများ အဖြစ်များလာသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဆင်းရဲနွမ်းပါးပြီး အသိပညာ ဗဟုသုတ အားနည်းသည့် မိဘအုပ်ထိန်းသူများကို မက်လုံးပေး စည်းရုံးကာ လူကုန်ကူးပြီး မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားသည့်နည်းလမ်းကို လူပွဲစားများက ယခုနှစ်ပိုင်းအတွင်း ပိုမိုအသုံးပြုလာသည်ဟု လူကုန်တား ရဲတပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးမှု တားဆီးရေး လုပ်ဆောင်နေသူများက ပြောသည်။

ယခုနှစ်အတွင်း တရုတ်အမျိုးသားနှင့် လက်ထပ်ရန် တရားဝင် စာတမ်းစာရွက်၊ အထောက်အထားများ ရယူ၍ လေဆိပ်မှ ထွက်ခွာသွားသည့် မြန်မာအမျိုးသမီး အများအပြား ရှိနေသည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက Mandalay In-depth News သို့ ပြောသည်။ ၎င်းက အရေအတွက် အတိအကျ မပြောသော်လည်း ထိုသို့ ထွက်ခွာနေသူ လစဉ် ဆယ်နှင့်ချီရှိသည်ဟု ဆိုသည်။

အသက်(၁၄)နှစ်အရွယ် နန်းသည် ဖခင်၏ သဘောတူညီချက်ဖြင့် တရုတ်အမျိုးသားနှင့် လက်ထပ်ခဲ့ရပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး များစွာထဲမှ တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ဆယ်လအတွင်း လူကုန်ကူးမှု (၂၀၀)ကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး အသက်မပြည့်သေးသူ (၁၈)နှစ်အောက် အမျိုးသမီးငယ် (၄၄)ဦးအပါအဝင် အမျိုးသမီး (၄၅၀)ကျော်နှင့် အမျိုးသား(၂၀၀)ဝန်းကျင်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသော လူကုန်ကူးမှုများအနက် (၈၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှုများဖြစ်ပြီး အဓိကအားဖြင့် မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် လူကုန်ကူးသည်ကို စိစစ်တွေ့ရှိရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

လူကုန်ကူးသည့် ပွဲစားအများစုမှာလည်း အမျိုးသမီးများ ဖြစ်ပြီး ယခုနှစ်ဆယ်လအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှု (၂၀၉)မှုတွင် တရားခံ(၆၀၀)ကျော် ဖမ်းဆီးရမိခဲ့ရာ (၄၂၉)ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု လူကုန်တားရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း တရုတ်သို့ လူကုန်ကူးခံရသည့် ရာနှင့်ချီသော မြန်မာအမျိုးသမီးများကို ပြန်လည် ကယ်တင်နိုင်ခဲ့သော်လည်း ၎င်းတို့ ရရှိထားသည့် အချက်အလက်များအရ တရုတ်သို့ လူကုန်ကူးခံရပြီး ကယ်တင်နိုင်ခြင်း မရှိသေးသည့် အသက်မပြည့်သေးသူ မြန်မာအမျိုးသမီးငယ် (၂၀)ဝန်းကျင် ကျန်ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်)မှ ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

လူဦးရေ တိုးပွားမှုကို ထိန်းချုပ်ရန် “တစ်အိမ်ထောင် ကလေးတစ်ယောက်” မူဝါဒ ကျင့်သုံးခဲ့သော တရုတ်နိုင်ငံတွင် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုမိုများပြားလျှက်ရှိသည်။

လူဦးရေ သန်း(၁၄၀၀)ကျော်ရှိသည့် တရုတ်နိုင်ငံတွင် အမျိုးသားဦးရေ သန်း(၇၃၀)ကျော်ရှိသော်လည်း အမျိုးသမီးဦးရေမှာ သန်း(၆၇၀)ကျော်သာ ရှိရာ တရုတ်နိုင်ငံသား သန်း(၃၀)ကျော် အတွက် အိမ်ထောင်ဖက် အမျိုးသမီး မရှိဘဲ ဖြစ်နေသည်။

ထိုသို့ လူဦးရေအချိုးအစား မညီမျှမှုနှင့် ရိုးရာဓလေ့အရ လက်ထပ်မင်္ဂလာပြုရန် ကုန်ကျစရိတ် များပြားခြင်းကြောင့် တရုတ်နိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်သူများ၊ ဆင်းရဲမွဲတေသော တရုတ်အမျိုးသားများ၊ ဆွံ့အ၊ နားမကြား၊ စိတ်ပေါ့သွပ်သူစသည့် တရုတ်အမျိုးသားမှာ တရုတ်အမျိုးသမီးများနှင့် လက်ထပ်ပေါင်းသင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

တရုတ်အမျိုးသမီး မရှိ၍ အိမ်ထောင်သားမွေး မပြုနိုင် ဖြစ်နေသော တရုတ်အမျိုးသားများမှာ မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို ဝယ်ယူကာ ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ကြသည်။ ထို့အတွက် နှစ်စဉ်ရာချီသော မြန်မာအမျိုးသမီးများမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရသည်။

နှစ်(၆၀)ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခ စစ်ပွဲများနှင့်အတူ စီးပွားရေးကျပ်တည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ အသိပညာ ဗဟုသုတ နည်းပါးခြင်းနှင့် ဘဝရပ်တည်ရေး ခက်ခဲခြင်းများက မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ/ Photo – မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ယခုနှစ်ပိုင်းအတွင်း မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ရန် လူကုန်ကူးရာတွင် အချို့က တရုတ်အမျိုးသားနှင့် လက်ထပ်ပြီး ကလေးမွေးဖွားပေးလျှင် ငွေမည်မျှရရှိမည် ဖြစ်ကြောင်း ပေါ်တင်ပြောဆို စည်းရုံးကာ လူကုန်ကူးသည်အထိ ရှိလာသည်ဟု လူကုန်တားရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ထို့အပြင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် ငယ်ရွယ်သော အမျိုးသမီးများကို ပစ်မှတ်ထား လူကုန်ကူးမှုများ ပိုမိုတွေ့ရှိလာရသည်ဟု ၎င်းတို့က ဆိုသည်။

အသက်(၁၄)နှစ်အရွယ် နန်းကို လူကုန်ကူးရာတွင် စီးပွားရေး ကျပ်တည်းမှု၊ အသိပညာ ဗဟုသုတ နည်းပါးမှုအပေါ် အခွင့်အကောင်းယူကာ မက်လုံးပေးစည်းရုံး၍ လူကုန်ကူးခဲ့ခြင်းဖြစ်ကြောင်း ယင်းအမှုတွင် ကူညီပေးနေသူများက ပြောသည်။

တချိန်တည်းမှာပင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း လူကုန်ကူးရန် စည်းရုံးသည့် ပုံစံများ အမျိုးမျိုး ပြောင်းလဲနေပြီး ယခုနှစ်ပိုင်းအတွင်း လူပွဲစားများနှင့် တရုတ်နိုင်ငံသားများက တိုင်းရင်းသား ကျေးရွာများအထိ လာရောက်စည်းရုံးကာ လူကုန်ကူးရန် ကြိုးစားသည်ကို တွေ့မြင်နေရကြောင်း မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသည့် မော်ကွမ်(Mawk-Kon) ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာက ဒေါ်နန်းဝိုးဖတ်က ပြောသည်။

“သူတို့က အရမ်းကို အထဲထိ ရောက်နေပြီ။ ပြောရမယ်ဆိုရင် တစ်ရက်တစ်ယောက်နှုန်း လောက်က တရုတ်အမျိုးသားရဲ့ အငှားကိုယ်ဝန်ဆောင်ဖို့ လူကုန်ကူးခံနေရတယ်”ဟု ဒေါ်နန်းဝိုးဖတ်က ပြောသည်။

တိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများကို လူကုန်ကူးနိုင်ရန် တရုတ်အမျိုးသားများနှင့် လူပွဲစားများက  ကျေးရွာများအထိ လာရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ယုံကြည်လာရန် လုပ်ဆောင်ခြင်း၊ အလှူအတန်းများ ပြုလုပ်ပေးခြင်းတု့ိဖြင့် စည်းရုံးကြသည်ဟု ၎င်းက ပြောသည်။

“သူတို့က ပထမတစ်ယောက်ကို ခေါ်သွားတယ်။ အဲဒီတစ်ယောက်က အဆင်ပြေပြီး ပြန်လာလည်တဲ့ ပုံစံနဲ့ သူဘယ်လောက် အဆင်ပြေကြောင်း ပြတယ်။ ပြီးတော့ နောက်လူတွေကို လူကုန်ကူးတယ်” ဟု ဒေါ်နန်းဝိုးဖတ်က ပြောသည်။

တိုင်းရင်းသားများသည် လူမျိုးတူ၊ ဘာသာစကားတူသူများ၏ စည်းရုံးပြောဆိုမှုကိုသာ ယုံကြည်လက်ခံသည့် အတွက် လူကုန်ကူးမှု တားဆီးရေး အသိပညာဟောပြောခြင်းနှင့် လူကုန်ကူးတားဆီးရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်) ရဲမှုးကြီး မျိုးသူစိုးက ပြောသည်။

“မိသားစုစားဝတ်နေရေး ခက်ခဲမှု၊ ဗဟုသုတ အားနည်းမှု၊ အယုံလွယ်မှု၊ ဘဝရပ်တည်ရန် ခက်ခဲမှု၊ မိမိကိုယ်မိမိ ရောင်းစားခံရမည်ကို သိသော်လည်း မိသားစု စီးပွားရေး အဆင်ပြေစေရန် ယုံကြည်ပြီး လိုက်သွားခြင်း၊ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရခြင်း၊ ဆင်းရဲနွမ်းပါးပြီး လူမျိုးတူများ၏ ပြောဆိုမှုကို အားကိုး ယုံကြည်လွယ်တာ၊ မြို့ပြနဲ့ အလှမ်းဝေးတာတွေကြောင့် လုပ်ကိုင်ဆောင်ရွက်ရတာ ခက်ခဲပါတယ်” ဟု ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC)၏ ၂၀၁၈ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း လူကုန်ကူးခံရသူ အရေအတွက် ပိုမိုများပြား လာကြောင်း ဖော်ပြသည်။ လူကုန်ကူးခံရသူ အများစုမှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ပြီး အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာနှင့် လုပ်အား ခေါင်းပုံဖြတ်မှု အတွက် လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

၂၀၁၈ ခုနှစ်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ/ Photo – မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

၂၀၁၈အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများအနက် အဓမ္မထိမ်းမြား လက်ထပ်ခြင်း (၇၅)ရာခိုင်နှုန်းကျော်၊ အဓမ္မပြည့်တန်ဆာပြုခြင်း (၁၃)ရာခိုင်နှုန်းကျော်၊  အဓမ္မ အလုပ်ခိုင်းစေခြင်း (၈)ရာခိုင်နှုန်းကျော်နှင့် အငှားကိုယ်ဝန်ဆောင်မှု (၂)ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု (၈၀)ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု (၁)ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် ဖြစ်ပွားသည့် လူကုန်ကူးမှု (၁၉)ရာခိုင်နှုန်း ရှိသည်ဟု မြန်မာနိုင်ငံ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေး အခမ်းအနားတွင် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး လူကုန်ကူးမှုများ ပပျောက်ရေး ရေတို၊ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်လျှက် ရှိသလို ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း ဒု-သမ္မတက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်များအတွင်း လူကုန်ကူးမှုများနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲဆို အရေးယူနိုင်မှု ပိုမိုများပြားခဲ့သည်ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ/ Photo – မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

သို့သော် အမေရိကန်နိုင်ငံ အစိုးရက ၂၀၁၈ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (၂၀၁၈)တွင် မြန်မာအစိုးရသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် သိသာထင်ရှားသည့် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဟု ဖော်ပြသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေသည် အဆင့်(၃)ဆင့် လျှော့ကျသွားခဲ့ပြီး ကမ္ဘာပေါ်ရှိ လူကုန်ကူးမှု ဆိုးရွားဆုံး ဖြစ်ပွားသည့် နိုင်ငံများထဲတွင် ပါဝင်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စသည့် ဒေသများမှ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူများမှာ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်ရှိနေပြီး  လူကုန်ကူးမှု ဖြစ်စဉ်များတွင် အစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အခြေအနေများပင် ရှိနေသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ/ Photo – မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

အသက်(၁၄)နှစ် အရွယ် နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်စေပြီး လူကုးန်ကူးရာတွင် အသက်(၁၄)နှစ်အစား (၂၄)နှစ်ပြည့် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် ရရှိခြင်း၊ မိသားစုတစ်စုလုံး မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ မွေးသက္ကရာဇ် စသည့် သက်သေခံ အထောက်အထား စာရွက်စာတမ်း တစ်စုံတရာမရှိသော်လည်း နန်းအတွက် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်ရခြင်း၊ တရားရုံးတံဆိပ်ပါ စာချုပ်တွင် လက်ထပ်စာချုပ် ချုပ်ဆိုရပြီး လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံသို့ ခေါ်ထုတ်ခံရခြင်း စသည်များက လူပွဲစားများအပြင် အကျင့်ပျက် ဝန်ထမ်းများပါ လူကုန်ကူးမှုုဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု ရှိနေနိုင်ကြောင်း နန်း၏ အမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသူများက သုံးသပ်သည်။

နန်းသည် တရားဝင် နိုင်ငံကူးလက်မှတ် ရခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး တရားရုံးတစ်ရုံး၏ အမှတ်တံဆိပ်ပါသည့် လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးကာ တရုတ်နိုင်ငံသားနှင့် လက်ထပ်ခဲ့ပြီး တရုတ်နိုင်ငံသို့လည်း တရားဝင် လေကြောင်း ခရီးဖြင့်ပင် ခေါ်ဆောင်ခံရခြင်း ဖြစ်သည်ဟု ယင်းအမှုကို စစ်ဆေးဆောင်ရွက်နေသည့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

“ကလေးမလေးရဲ့ ထွက်ဆိုချက်က လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးတာက တရားရုံး မဟုတ်ဘူး၊ အပြင်မှာလို့ ပြောတယ်။ သူပြောပုံအရ လေဆိပ်မှာပဲ တခြားသူ လာပေးတဲ့ လက်ထပ်စာချုပ်ရပြီး လက်ထပ်တယ်လို့ ပြောတယ်။ တရုတ်နိုင်ငံသားရဲ့ ထွက်ဆိုချက်ကတော့ တရားရုံးမှာ လက်မှတ်ထိုးခဲ့တာလို့ ထွက်ဆိုတယ်” ဟု ယင်းအမှုကို စစ်ဆေးဆောင်ရွက်နေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဥပဒေ ပြဌာန်းချက်များအရ မြန်မာအမျိုးသမီးနှင့် နိုင်ငံခြားသား လက်ထပ်မည်ဆိုပါက လက်ထပ်မှတ်ပုံတင် စာချုပ်တွင် စာရင်းသွင်းခြင်းနှင့် တရားရုံးက (၂၁)ရက်ကြိုတင် နို့တစ်စာ ကပ်ထားရမည့်အပြင် မိဘအုပ်ထိန်းသူကို တရားသူကြီးကိုယ်တိုင် သဘောတူ၊ မတူ မေးရမြန်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း၊ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

“အပြင်ကိုယူလာတဲ့ စာချုပ်ဆိုရင် ပြဿနာကြီးတယ်။ အဲဒီ ပြဿနာက အကြီးကြီးပဲ။ တရုတ်နိုင်ငံသား ထွက်ဆိုချက်အတိုင်း တရားရုံးမှာ လက်ထပ်တာ ဆိုရင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း မိဘကို သဘောတူလား မေးရမယ်” ဟု ဦးသိန်းသန်းဦးက ပြောသည်။

ထို့အပြင် မှတ်ပုံတင် ထုတ်ပေးရာ၌ ကာယကံရှင်၏ အထောက်အထား မရှိဘဲ ထုတ်ပေးခဲ့ခြင်း ဖြစ်မည်ဆိုပါက မမှန်မကန် ကျမ်းကျိန်ပြီး နိုင်ငံခြားသားနှင့် တရားရုံးတွင် လက်ထပ်ရန်၊ နိုင်ငံကူး လက်မှတ်ပြုလုပ်ရန် အတွက် ထုတ်ပေးမှုကြောင့် မှတ်ပုံတင် ထုတ်ပေးခဲ့သူသည် စာရွက်စာတမ်း အတုပြုလုပ်မှု ပုဒ်မ(၄၆၈)နှင့် ငြိစွန်းသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

“နောက်တစ်ခုက ကလေးမလေးက (၁၄)နှစ်ဆိုတာ ပေါ်ရင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ လိင်ဆက်ဆံရင် မုဒိန်းမှုပဲ၊ မုဒိန်းမှု ကျူးလွန်ခဲ့တာက သူနဲ့ လက်ထပ်ခဲ့တဲ့သူ။ မုဒိန်းမှုကျူးလွန်တာမှာ မှတ်ပုံတင်ထုတ်ပေးတဲ့ သူတို့က အားပေးကူညီမှု မြောက်တယ်” ဟု ဦးသိန်းသန်းဦးက သုံးသပ်သည်။

တာချီလိတ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်းအနားတွင် ဒေသခံကလေးငယ်များ သရုပ်ပြတင်ဆက်နေစဉ်/ Photo – Htet Aung (Mandalay Indepth News)

နန်း၏ ဖခင်ကမှု နန်း အတွက် မှတ်ပုံတင် ရရှိရန် ကျပ်(၇)သိန်း အကုန်အကျခံကာ လုပ်ဆောင်ပေးခဲ့ရသည်ဟု လူပွဲစားများက သူ့ကိုပြောကြောင်း ပြန်လည်ပြောပြသည်။

အဆိုပါ လူကုန်ကူးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်ခရိုင်နှင့် မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့သို့ မေးမြန်းရာ တာချီလိတ်ဒေသခံ အမျိုးသမီး (လူပွဲစား) (၃)ဦး အပါအဝင် နန်းနှင့်လက်ထပ်ခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦး စုစုပေါင်း (၄)ဦးကိုသာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၂ ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးထားသည်ဟု တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များက ဖြေကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေး ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသား အပါအဝင် အမှုဖွင့် ဖမ်းဆီးထားသူ (၄)ဦးကို တာချီလိတ်ခရိုင်တရားရုံးတွင် စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

နန်းသည် တရုတ်အမျိုးသားနှင့် (၇)လကြာ ပေါင်းသင်းနေထိုင်ခဲ့ရပြီး တရုတ်အမျိုးသား အပြင်သွားချိန်တွင် တရုတ်အမျိုးသား၏ ဖုန်းဖြင့် အိမ်ကို ဆက်သွယ်ခဲ့ပြီး ထွက်ပြေးခဲ့ရာမှ ဇူလိုင်လတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟု လူကုန်တားရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

နန်း ပြန်လည် လွတ်မြောက်လာခြင်းမှာ ကံကောင်းထောက်မ၍ ဖြစ်ပြီး အဆိုပါ ကျေးရွာအတွင်း ပထမဆုံးအကြိမ် လူကုန်ကူးခြင်းဖြစ်၍ တရုတ်အမျိုးသားက လိုက်လျှောပေးခြင်း ဖြစ်နိုင်ကြောင်း မော်ကွမ်(Mawk-Kon) ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာက ဒေါ်နန်းဝိုးဖတ်က သုံးသပ်သည်။

တာချီလိတ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်းအနားတွင် ဒေသခံကလေးငယ်များ သရုပ်ပြတင်ဆက်နေစဉ်/ Photo – Htet Aung (Mandalay Indepth News)

နန်း၏ ဖခင်မှာမူ သမီးဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်အထိ လူကုန်ကူးခံရသည်ကို မသိရှိဘဲ ဖြစ်ခဲ့သည်။ လူပွဲစားများနှင့် တရုတ်နိုင်ငံသားက နေအိမ်အထိ လိုက်လာပြီး နန်းကို တရုတ်နိုင်ငံသို့ ပြန်ထည့်ပေးရန် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု နန်း၏ ဖခင်က ဆိုသည်။

“သမီးကိုလည်း ဖမ်းမယ်။ ပြန်မထည့်ရင် ကျွန်တော့်ကိုလည်း ဖမ်းမယ်လို့ ပြောတယ်။ ရွာလူကြီးကို သွားပြောတော့ ကျေးရွာလူကြီးက အရေးကြီးတယ်၊ ရဲစခန်းကို သွားတိုင်လို့ ပြောလို့ သွားတိုင်ခဲ့တာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နန်းကို လူကုန်ကူးခဲ့သည့်  လူပွဲစား(၃)ဦးနှင့် နန်းနှင့်လက်ထပ်ခဲ့သည့် တရုတ်နိုင်ငံသားတို့ကို တာချီလိတ်ခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးလျှက်ရှိကာ နန်းကိုလည်း တာချီလိတ်ခရိုင် လူကုန်တားရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားသည်။

တာချီလိတ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်းအနားတွင် ဒေသခံကလေးငယ်များ သရုပ်ပြတင်ဆက်နေစဉ်/ Photo – Htet Aung (Mandalay Indepth News)

နန်း၏ ဖခင်ကမှု သူ့သမီးကဲ့သို့ အခြားသူများ လူကုန်းကူးမခံရစေရန် နီးစပ်သူများကို လိုက်လံပြောပြ သတိပေးမည်ဟု ဆိုသည်။ သူ့သမီး နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရမည် သိသော်လည်း အန္တရာယ် မရှိဟု ဆိုသည့်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပြောဆိုစည်းရုံးမှုများကို အခြားသူများ မယုံကြည်မိစေရန် အတွက် ပြောပြသတိပေးမည်ဟု ဆိုသည်။

“တခြားသူတွေ သမီးလို မဖြစ်အောင် တရုတ်ကို လိုက်ရမယ်ဆိုပြီး လာခေါ်ရင် ယုံပြီး မလိုက်ဖို့ ပြောမယ်”

(ဆောင်းပါရှင် Htet Aung ၏ ဆောင်းပါးကို Mandalay-In-Depth၏ ခွင့်ပြုချက်ဖြင့် ပြန်လည်တင်ဆက်ပေးသည်)

မြေနေရာလက်ဝယ်မရသေး၍ ကျိုင်းတုံ ဓာတ်အားခွဲရုံတည်ဆောက်ရန် တင်ဒါမခေါ်နိုင်သေး

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့မဟာဓာတ်အားလိုင်းသွယ်တန်းမှုကိုကွန်ဟိန်းမြို့အနီးတွေ့ရစဉ်/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၃

ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်ရန် တည်ဆောက်ရမည့် ၆၆ ကေဗွီ ဓာတ်အားခွဲစက်ရုံအတွက် မြေနေရာလက်ဝယ်မရသေးသည့်အတွက် ခွင့်ပြုဘတ်ဂျက်ငွေ ကျပြီးသော်လည်း တင်ဒါမခေါ်နိုင်သေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် မဟာဓာတ်အားလိုင် သွယ်တန်းမှုမှာ ကျိုင်းတုံမြို့အထိ မီးကြိုးတိုင်များ စိုက်ထူးပြီး ဖြစ်ကာ မီးကြိုးသွယ်တန်းမှုမှာ တာကော်တံတားကျော်လွန်လာပြီဖြစ်ကြောင်း၊ သို့သော် ကျိုင်းတုံမြို့တွင်း ဓာတ်အားဖြန့်ဖြူးရန်လိုအပ်သည့် ၆၆ကေဗွီဓာတ်အားခွဲစက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာမှာ လက်ဝယ်မရသေးသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဝန်ကြီးကပြောသည်။

“ဓာတ်အားခွဲရုံနေရာကို အရင်တုန်းက မီးရထားမြေနေရာစွန့်လွှတ်ထားတဲ့ မြေ ၄ဧကကို တင်ပြထားတာရှိတယ်။ အဲဒါကို ပြည်ထောင်စုဘက်ကနေ ရှမ်းပြည်နယ်အစိုးရကို လွှဲပေးလိုက်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်ရတာ အင်မတန်မှ မြန်ဆန်လာမယ်လို့ ယူဆတယ်” ဟု ၎င်းကပြောသည်။

ကျိုင်းတုံမြို့အတွက် ၆၆ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် ခွင့်ပြုဘဏ္ဍာငွေမှာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပါရှိပြီး ဖြစ်ပေမယ့် အဆိုပါ မြေနေရာအခက်အခဲကြောင့် တင်ဒါမခေါ်နိုင်သေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့အတွက် ဓာတ်အားခွဲရုံတည်ဆောက်ရန် ခွင့်ပြုဘဏ္ဍာငွေ ရရှိထားပြီး အဆိုပါမြို့နယ်များတွင် လာမည့် ၂၀၂၀ ခုနှစ်အတွင်း လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံး လာမည့် ၃နှစ်အတွင်း လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ပြောဆိုဖူးသည်။

MK – 001

MeKongNews

ဟောင်လိတ်စက်မှုဇုန်သိမ်းဆည်းမြေပြန်ပေးရန် တောင်သူများနှင့်ညှိနှိုင်းမရဖြစ်နေ

သိမ်းဆည်းမြေပြန်လည်ပေးအပ်ရန်ဆွေးနွေး/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၃

တာချီလိတ်မြို့ရှိ ဟောင်လိတ်စက်မှုဇုန်အတွက် သိမ်းဆည်းထားသည့် မြေများထဲမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် မြေဧက ၃၁၇ဧကကို တောင်သူများထံ ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် မူလတောင်သူများအကြား ညှိနှိုင်းမရ ဖြစ်နေကြောင်း သိရသည်။

သိမ်းဆည်းမြေ ၃၁၇ဧက ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် တောင်သူများအကြား ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ရက်၊ နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

မြေသိမ်းခံတောင်သူများတက်ရောက်/ Photo by MeKong News

စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် သိမ်းဆည်းထားသည့်မြေများထဲမှ အကောင်အထည်ဖော်ခြင်းမရှိသည့် မြေဧက ၃၁၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် ဆွေးနွေးရာ မူလတောင်သူအချို့က စက်မှုဇုန်ဧရိယာအတွင်း ဟုန်ပန်းကုမ္ပဏီက ရယူထားသည့် မြေဧက ၁၀၀ထဲမှ အကောင်အထည် မဖော်ရသေးသည့် မြေဧက ၆၀ကျော်ကိုပါ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်လျှပ်စစ်နှင့်လမ်းပန်းဝန်ကြီးမှဆွေးနွေး/ Photo by MeKong News

“တောင်းဆိုချင်တာက လက်ရှိ ဟုန်ပန်းက အသုံးပြုထားခြင်းမရှိတဲ့ ဧက ၆၀ ကျော်ကိုပါ ပြန်လိုချင်ပါတယ်” ဟု မူလတောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဌေး က ပြောသည်။

ဒေါ်ဌေး-မြေသိမ်းခံတောင်သူတစ်ဦး

တာဝန်ရှိသူများအနေဖြင့် ပြည်သူများ ပြန်လည်ရရှိစေလိုသည့် ဆန္ဒဖြင့် သွားရောက်ဆွေးနွေးခြင်း ဖြစ်ပြီး ပြည်သူများဘက်ကလည်း ၎င်းတို့ ဖြစ်ချင်သည့်ဆန္ဒကို တင်ပြခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်မှဆွေးနွေး/ Photo by MeKong News

“ကျွန်တော်တို့ အနေနဲ့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံပြီး ထပ်မံညှိနှိုင်းသွားပါ့မယ်။ ပြည်သူတွေ နစ်နာတာကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တောင်သူများအနေဖြင့် အစိုးရမှ မြေ ၃၁၇ဧက စွန့်လွှတ်ခွဲဝေပေးသည်ကို လက်ခံပါက လုပ်ငန်းပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း တောင်သူများကို ရှင်းပြဆွေးနွေးသည်။

တက်ရောက်လာသည့်မြေသိမ်းခံတောင်သူများ/ Photo by MeKong News

၂၀၀၁ခုနှစ်အတွင်းက စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် မြေဧက ၆၀၁ ဒသမ ၅၄ ဧကကို သိမ်းဆည်းခဲ့ပြီး ယင်းမြေများထဲမှ အကောင်အထည်ဖော်ခြင်းမရှိသည့် မြေဧက ၃၁၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် ညှိနှိုင်းနေခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြေသိမ်းခံတောင်သူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

MK – 001

MeKongNews

မြန်မာမူးယစ်ဆေးကုန်ကူးသူကို ထိုင်းရဲများအသေပစ်ဖမ်း

ပစ်ဖမ်းခံရသူ၏အိမ်တွင်သိမ်းဆည်းရမိသည့်စိတ်ကြွဆေးပြားရိုက်စက်/Photo-Bangkok Post

နခွန်ဆီသာမရတ်၊ ဒီဇင်ဘာ ၂

ထိုင်းတောင်ပိုင်းအာဏာပိုင်တွေက speedစိတ်ကြွဆေး ၅ သိန်းကျော်၊ crystal meth စိတ်ကြွဆေး ၁၀ ကီလိုဂရမ်ကို သောကြာနေ့ကနခွန်ဆီသာမရတ်ခရိုင်မှာ ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ပြီး အသေဖမ်းမိခဲ့သည့် မြန်မာမူးယစ်ဆေးကုန်ကူးတဲ့လူတစ်ယောက်ငှားထားသည့်အိမ်မှ သိမ်းဆည်းရမိခဲ့သည်။

စနေနေ့မှာ ပတ်တာနာခမ်းရှိအိမ်ကိုစီးနင်းရှာဖွေရာ ရဲများဦးဆောင်ခဲ့သည်ဟု ရဲဗိုလ်ချုပ်ဆွန်သီချိုင် အာဝက်တနာခူသပ်က ပြောသည်။

Crystal Methနှင့် တခြားမူးယစ်ဆေးများ ထုတ်လုပ်သိုလှောင်ရန် အိမ်ကိုသုံးထားသည်ဟု အရာရှိများက ပြောသည်။

ဦး အမည်ရှိမြန်မာနိုင်ငံသားမူးယစ်ကုန်ကူးသူက အိမ်ငှားထားသည်ဟုလည်းသိရသည်။

ဝယ်လက်အသွင်ယူထားသောထိုင်းရဲ၏အမှာကို လာပို့မည်ဟု သေဆုံးသူက သဘောတူခဲ့ပြီး သူက ပစ်ကပ်ကားမောင်းလာချိန် ရဲများဝိုင်းလာသဖြင့် ပစ်ဖောက်ထွက်ပြေးခဲ့သော်လည်း ထိုင်းရဲများက အသေဖမ်းမိခဲ့ပြီး ပစ်ကပ်ကားလည်း လမ်းဘေးမြောင်းထဲထိုးကျခဲ့သည်။

အိမ်ထဲထပ်ရှာဖွေရာမှာ စိတ်ကြွဆေးများဖမ်းမိခဲ့ပြီး သူ၏ထိုင်းဇနီးသည်ကိုလည်း မေးမြန်းစစ်ဆေးရန် ထိန်းသိမ်းထားသည်။

ဦးဟာ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးအကြီးစားကုန်ကူးနေသူဖြစ်ပြီး အဆက်အသွယ်အများကြီးရှိသည်ဟု ရဲဗိုလ်ချုပ်ဆွန်သီချိုင် အာဝက်တနာခူသပ်ကပြောသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းမူးယစ်ဆေးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးက သူ့ကိုဝရမ်းထုတ်ထားသည်ဟုလည်းပြောသည်။

Source-Bangkok Post

ဥက္ကာ

Photo-Bangkok Post

ဆိုင်ရှင်ကို သေနတ်ဖြင့်ထောက်ကာ ငွေလဲဆိုင်မှ ကျပ်သိန်း(၂၀ဝ)ခန့် လုယူ

တာချီလိတ်၊ ဒီဇင်ဘာ ၂

တာချီလိတ်မြို့တွင် ငွေလဲဆိုင် ဆိုင်ရှင်ကိုသေနတ်ဖြင့် ချိန်ကာ အမျိုးသား (၄)ဦးက ကျပ်သိန်း(၂၀ဝ)ခန့်တန်ဖိုးရှိ တရုတ်၊ ထိုင်း၊ မြန်မာငွေများကို ဒီဇင်ဘာလ ၂ရက်၊ နံနက် ၇နာရီခန့်က လုယက်သွားသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာလ ၂ရက်၊ နံနက်ပိုင်းက အမျိုးသား (၄)ဦးရောက်လဲပြီး ငွေလဲမည်ဟုဆိုကာ သေနတ်ဖြင့်ချိန်ပြီး ကျပ်သိန်း (၂၀ဝ)ခန့်တန်ဖိုးရှိ ငွေများကို လုယူခဲ့သည်။

အခင်းဖြစ်ရာအဆောက်အဦ/Photo – MeKong News

ထိုသိုု့လုယူပြီးနောက် ဆိုင်ရှေ့သို့ ရွှေငါးအမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး ဆိုက်ရောက်လာပြီး ငွေလုယက်သွားသည့် အမျိုးသား (၄)ဦးမှာ အဆိုပါမော်တော်ယာဉ်ပေါ်သို့ တက်ရောက်ကာ ထွက်ပြေးသွားကြောင်း ငွေလုယူခံရသည့် ဆိုင်ပိုင်ရှင်၏ သားဖြစ်သူက ပြောသည်။

ဝင်ရောက်လုယက်မှု CCTV မှတ်တမ်း

ဝင်ရောက်လုယက်သူများကို တာချီလိတ်မြို့ရဲစခန်းတွင် (ပ)၆၆၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့နှစ်ပိုင်းအတွင်း သေနတ်ပစ်မှု၊ ရွှေဆိုင်လုယက်မှုများ မကြာခဏဖြစ်ခဲ့ပြီး ငွေလဲဆိုင်ကို ဝင်ရောက်လုယက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

MK-001

MeKongNews

Mister Universe Tourism 2019 တွင် တာချီလိတ်မှ Mister ဇွဲမင်းခန့် Photogenic ဆုရရှိ

တာချီလိတ်၊ ဒီဇင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်သည့် Mister Universe Tourism 2019 တွင် တာချီလိတ်မြို့မှ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် Mister တစ်ဦးဖြစ်သူ ဇွဲမင်းခန့်က Mister Photogenic ဆုကို ရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Makati City တွင် နိုဝင်ဘာလ ၁၇ရက်မှ ၂၇ရက်အထိ ကျင်းပသည့် Mister Universe Tourism 2019 ပြိုင်ပွဲကို အာဆီယံနှင့် အာရှဒေသရှိ နိုင်ငံကိုယ်စားပြု Misterများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု တာချီလိတ်မြို့မှ Mister ဇွဲမင်းခန့်က Mister Photogenic Award ဆုရရှိခဲ့ပြီး Mister Universe ဆုတွင်လည်း စကာတင် (၅)ဦးစာရင်း ဝင်ခဲ့ကြောင်း သိရသည်။

“တခြားနိုင်ငံမှာ ပြိုင်ရတာဆိုတော့ အခက်အခဲတွေတော့ အများကြီးပေါ့။ ဘာသာစကားမတူတာရော။ နောက်ပြီး ကျွန်တော်က ဖျားတော့ ဆေးသောက်လိုက်၊ ပြိုင်လိုက် လုပ်ရတယ်။ ပြိုင်ပွဲက Tourism ခေါင်းစဉ်နဲ့ ဆိုတော့ နိုင်ငံအနှံ့မှာ လှည့်ပြီး ဓာတ်ပုံတွေရိုက်ရတယ်။ ပြီးတော့ ပြိုင်ပွဲမှာ အမျိုးသားဝတ်စုံတွေ၊ ရိုးရာဝတ်စုံတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ရတယ်” ဟု Mister ဇွဲမင်းခန့်က ပြောသည်။

Mister ဇွဲမင်းခန့်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တာချီလိတ်မြို့တွင် ကျင်းပသည့် Mister World Tachileik ပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။ ထို့နောက် ရန်ကုန်တွင် ကျင်းပသည့် Mister Myanmar ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ Mister Myanmar ပြိုင်ပွဲတွင် ဆုထပ်မံရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

MK – 003

MeKongNews

ICJ တွင် အတိုင်ပင်ခံဦးဆောင်ဖြေရှင်းမည်ကို မိုင်းလားကလည်း ထောက်ခံ

တာချီလိတ်၊ ဒီဇင်ဘာ ၁

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး – ICJ တွင် တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်း အထူးဒေသ(၄)၊ မိုင်းလားက ဒီဇင်ဘာလ ၁ရက်က ထုတ်ပြန်ကြေညာသည်။

ICJ တွင် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အသံကို နားစွင့်ပေးကြရန် မေတ္တာရပ်ခံကြောင်း အထူးဒေသ(၄)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ အကြား အမြင်ကွဲပြားမှုများ ရှိနေပြီး အထူးသဖြင့် FPNCC – ‌မြောက်ပိုင်းအင်အားစုများကြားတွင် အဆိုပါ တရားစွဲဆိုမှုအပေါ် တုံ့ပြန်မှုများ ကွဲပြားနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် TNLA, AA နှင့် MNDAA တို့က ICJတွင် မြန်မာ့တပ်မတော်ကို တရားစွဲမှုအပေါ် ထောက်ခံကြောင်း ထုတ်ပြန်လိုက်ပြီး အထူးဒေသ (၂)-ပန်ဆန်းနှင့် အထူးဒေသ (၄)-မိုင်းလားတို့ကမူ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ဖြေရှင်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို ရင်ဆိုင်ရန် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့သို့ သွားရောက်မည်ဖြစ်သည်။

MK – 001

MeKongNews

ကျိုင်းတုံမြို့အနီးကိုဗဟိုပြုပြီး ငလျင်လှုပ်

Photo – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

တာချီလိတ်၊ ဒီဇင်ဘာ ၁

ကျိုင်းတုံမြို့အနီးမှာ ဒီဇင်ဘာလ ၁ရက်၊ နံနက်အစော ၁၂နာရီ ၄၂မိနစ်ခန့်မှာ ရစ်(ခ်)တာစကေား ၄ ဒဿမ ၁ ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာလ (၁)ရက်၊ မြန်မာစံတော်ချိန် (ဝဝ)နာရီ၊ (၄၂)မိနစ်၊ (ဝ၅) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်(၆၂)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် (၂၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒဿမ ၆၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒဿမ ၇၁)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒဿမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။

မြေငလျင်လှုပ်ခတ်မှုကို ကျိုင်းတုံမြို့နေထိုင်သူများ သိသာစွာ ခံစားလိုက်ရကြောင်း သိရသည်။

MK – 001

MeKongNews

Design a site like this with WordPress.com
Get started