မယ်ဖုံးလုံလက်ရိုက်ဆည် စိုက်ပျိုးရေးဆည်ဖြစ်မြောက်ရေး ကော်မတီဖွဲ့

တာချီလိတ်၊ ဒီဇင်ဘာ ၁၃

မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၂ရွာမှ လယ်သမား ၃၀ကျော် မှီခိုနေသည့် မယ်ဖုံးလုံလက်ရိုက်ဆည်ကို ရေရှည်ခိုင်ခံသော စိုက်ပျိုးရေးဆည်တမံ တည်ဆောက်နိုင်ရေးအတွက် ဆည်ဖြစ်မြောက်ရေးကော်မတီကို တာချီလိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁၁ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မယ်ဖုံးလုံရွာနှင့်မုံးမိုင်းရွာများမှ တောင်သူ (၃၄)ဦး၏ လယ်ဧက ၈၇ ဒဿမ ၅၃ဧက အတွက် စိုက်ပျိုးရေအသုံးပြုသည့် မယ်ဖုံးလုံဆည်မှာ မိုးသည်းထန်စွာရွာသွန်းသည့်အခါ ဆည်ကျိုးပေါက်သဖြင့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း၊ စပါးထွက်နှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်နေသဖြင့် ခိုင်ခံသည့် စိုက်ပျိုးရေဆည်တမံဖြစ်ပေါ်လာရေး တင်ပြသဖြင့် ယခုကဲ့သို့ ဆည်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆည်ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

“ကျွန်တော်တို့ လာမယ့် ဒီဇင်ဘာလ တတိယပတ်အတွင်းမှာ စတင်ပြီး ကွင်းဆင်းဆောင်ရွက်ပါမယ်” ဟု ဆည်ဖြစ်မြောက်ရေးကော်မတီဝင်ဦးမင်းအောင်က ပြောသည်။

အဆိုပါဆည်ဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဌအဖြစ် တာချီလိတ်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ထွန်းက ဥက္ကဌ၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းခင်ဇော်လတ်က အတွင်းရေးမှူးအဖြစ် ပါဝင်ပြီး ရပ်ကျေးသူကြီးများအပါအဝင် အဖွဲ့ဝင် ၁၁ဦးပါဝင်ကြောင်းသိရသည်။

MK – 001

MeKongNews

မြန်မာအစိုးရက အမုန်းစကားတွေပြောတာမရှိဘူးလို့ မြန်မာနိုင်ငံရှေ့နေတုံ့ပြန်

The Hague§၊ ဒီဇင်ဘာ ၁၂

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှာ အစိုးရပိုင်းကစပြီးအမုန်းစကားတွေပြောနေတယ်လို့ စွပ်စွဲခဲ့ပေမဲ့ မြန်မာအစိုးရက အမုန်းစကားပြောတာမျိုးမရှိဘဲနဲ့ လူတစ်ဦးတစ်ယောက်ချင်းက အမုန်းစကားပြောနေတာမျိုးပဲရှိနေတယ်လို့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ရှေ့နေပါမောက္ခ ဝီလျံ ရှားဘတ်စ်က ICJမှာတုံ့ပြန်လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ မြေမြိုက လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မယ်ဆိုတဲ့ဆောင်ပုဒ်၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောခဲ့တာနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးFacebookစာမျက်နှာမှာ Fake Rapeဆိုတဲ့ပို့စ်တွေဟာ မြန်မာအစိုးရက အမုန်းစကားတွေပြောနေတာလို့ ဂမ်ဘီယာနိုင်ငံရဲ့လျှောက်လဲချက်မှာပါဝင်ခဲ့တာကို တုံ့ပြန်လိုက်တာပါ။

အမုန်းစကားတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာမဟုတ်ဘဲနဲ့ တခြားနိုင်ငံတွေမှာပြောဆိုနေတာမျိုးလည်းရှိနေတယ်လို့ ရှားဘတ်ကပြောပါတယ်။

ဘင်္ဂါလီ(လျှောက်လဲရာတွင်ရိုဟင်ဂျာဟုသုံးနှုန်း)တွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေပြောနေတယ်ဆိုပြီး ဂမ်ဘီယာက လျှောက်တင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားတွေပြောတယ်ဆိုပြီး တပ်မတော်နဲ့သက်ဆိုင်တဲ့ပေ့ဂျ်တွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ပေ့ဂျ်တွေကို Facebookကပိတ်သိမ်းထားတာရှိသလို တရားထိုင်ဖို့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့တွစ်တာအမှုဆောင်အရာရှိချုပ်ဟာလည်း ဝေဖန်မှုတွေခံခဲ့ရပါတယ်။

လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ကို မြန်မာအစိုးရက ကျပ်ငွေသန်းထောင်ချီသုံးပြီးဖွဲ့စည်းထားပြီး အမုန်းစကားတွေကိုပါစောင့်ကြည့်ခဲ့ပေမဲ့ အဖွဲ့ကိုဝေဖန်မှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုရှိတယ်လို့ ၂၀၁၃ ခုနှစ်က အယ်ဂျားဇီးယားသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာ ပြောခဲ့တာမျိုးမရှိဘဲ အခြေအနေတစ်ခုအပေါ်မူတည်ပြီးဖြစ်လာနိုင်တယ်လို့ပြောခဲ့တာလို့လည်း ရှားဘတ်ကပြောပါတယ်။

ဂမ်ဘီယာရဲ့လျှောက်တင်ချက်တွေဟာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFMရဲ့အစီရင်ခံစာကို အားကိုးလွန်းတယ်လို့လည်း ရှားဘတ်ကဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင်တပ်မတော်က ရှင်းလင်းရေးစစ်ဆင်ရေးတွေလုပ်တယ်ဆိုတာလည်း FFMအစီရင်ခံစာမှာ အထောက်အထားတိတိကျကျမပါဝင်ဘူးလို့လည်း ရှားဘတ်ကထောက်ပြခဲ့ပါတယ်။

Ohkkar

Photo-Screenshot from UN LiveStream

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့တွေ မြန်မာနိုင်ငံကိုဝင်ရောက်ခွင့်ပြုဖို့ ဂမ်ဘီယာတောင်းဆို

The Hague၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှိ၊ မရှိစုံစမ်းဖော်ထုတ်နေတဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်ပြုပြီး ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာတရားရုံး ICJမှာ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်နေတဲ့ဂမ်ဘီယာတရားရေးဝန်ကြီး အဘူဘက်ကာ တမ်ဘာဒူက တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ မြန်မာနဲ့ဂမ်ဘီယာနှစ်ဖက်အပြန်အလှန်လျှောက်ထားမှုမှာ တမ်ဘာဒူကပြောတာပါ။

ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်အတွက် နောက်ဆုံးတောင်းဆိုချက်တွေအနေနဲ့ ကြားဖြတ်ကြိုတင်ကာကွယ်ထားရမယ့်လုပ်ငန်းစဉ် ၆ ခုကိုတင်ပြလျှောက်တင်ခဲ့ရမှာ တမ်ဘာဒူကပြောလိုက်တာပါ။

ဘင်္ဂါလီ(လျှောက်တင်ရာတွင်ရိုဟင်ဂျာဟုသုံးနှုန်းထား)တွေကိုဦးတည်ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ ရက်စက်တဲ့မှုခင်းတွေကိုစုံစမ်းစစ်ဆေးနေတဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်ပေးသင့်ပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ပြောခဲ့တာပါ။

၂၀၁၇ ခုနှစ်၊ မတ်မှာ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဖွဲ့စည်းခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ အဲဒီအဖွဲ့ကို ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။

အခုနှစ်စက်တင်ဘာမှာ အဲဒီအဖွဲ့က နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့ပြီး အဲဒီအစီရင်ခံစာထွက်ခဲ့ချိန်ကျမှ မြန်မာနိုင်ငံကိုတရားစွဲဖို့စီစဉ်ခဲ့တာလို့လည်း ဂမ်ဘီယာရှေ့နေ့တစ်ယောက်က အစောပိုင်းမှာလျှောက်လဲခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိနေလို့ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ဂမ်ဘီယာတစ်နိုင်ငံတည်းကပဲ တရားစွဲခဲ့တာလို့လည်း လျှောက်တင်ရာမှာ တမ်ဘာဒူကရှင်းလင်းခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့က ဂမ်ဘီယာနိုင်ငံကလျှောက်တင်ရာမှာတော့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား တရားစွဲခဲ့တာလို့ ပါဝင်ခဲ့ပါတယ်။

MeKongNews #Ohkkar

Photo-Screenshot From UN Live Stream

မြန်မာနိုင်ငံရဲ့လျှောက်တင်မှုမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို မငြင်းခဲ့ဘူးလို့ ဂမ်ဘီယာရှေ့နေလျှောက်တင်

The Hague၊ ဒီဇင်ဘာ ၁၂

ဗုဒ္ဒဟူးနေ့က မြန်မာနိုင်ငံရဲ့ ICJမှာလျှောက်တင်မှုမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိမနေဘူးလို့ မငြင်းခဲ့ဘူးဆိုပြီး ဂမ်ဘီယာရှေ့နေ ပေါ ရစ်ချလာက ကြာသပတေးနေ့မှာ ICJမှာလျှောက်တင်လိုက်ပါတယ်။

“ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့အနေအထားနဲ့ ပုံဖော်ထားတာကိုတွေ့ရပါတယ်”လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဗုဒ္ဓဟူးနေ့မှာ လျှောက်တင်ခဲ့ပြီးတဲ့နောက် သူက အခုလိုပြန်လည်လျှောက်တင်ခဲ့တာပါ။

မြန်မာအစိုးရအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် သက်သေတွေဖျောက်ဖျက်ချင်လို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFMနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကို အခင်းဖြစ်ရာနေရာတွေကို ဝင်ခွင့်ပိတ်ပင်ထားတာလို့လည်း စွပ်စွဲခဲ့ပါတယ်။

နေရပ်ပြန်လာမယ့်သူတွေကို ပြန်လည်လက်ခံရေးအစီအစဉ်တွေမှာ မြန်မာအစိုးရရဲ့လုပ်ဆောင်မှုတွေမအောင်မြင်ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကိုကိုးကားပြီးလည်းလျှောက်တင်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်ဆိုပြီး အခုနှစ်အစပိုင်းမှာ ထုတ်ပြန်ခဲ့ပေမဲ့ စက်တင်ဘာမှာ FFMရဲ့အစီရင်ခံစာထွက်ခဲ့ပြီးတဲ့နောက်မှ တရားစွဲခဲ့တာလို့လည်း ရစ်ချလာက အကြောင်းပြခဲ့ပါတယ်။

တပ်မတော်က အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်ရေးလုပ်ခဲ့တယ်လို့ အကြောင်းပြခဲ့ပေမဲ့ အမျိုးသမီးတွေကို အဓမ္မကျင့်တာကလည်း အကြမ်းဖက်တိုက်ဖျက်တာလားလို့ တုံ့ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

MeKongNews #Ohkkar

Photo-Screenshot From UN Live Stream

နိုင်ငံတော်အတိုင်ပင်ခံရဲ့လျှောက်လဲချက်ဟာ ဘင်္ဂါလီတွေအပေါ်ကျူးလွန်ထားတွေလျော့သွားအောင်ကြိုးစားတာလို့ A.Iအဖွဲ့ထုတ်ပြန်

Photo by http://www.icj-cij.org

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံတကာတရားရုံး ICJမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရှင်းလင်းတင်ပြချက်ဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေအပေါ် ကျူးလွန်ထားတဲ့ဖြစ်ရပ်တွေလျော့သွားအောင်လုပ်တာလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာအဖွဲ့ (A.I)က ဗုဒ္ဓဟူးနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုများကို လျှော့ပေါ့အောင်ကြိုးစားလုပ်ဆောင်တာဖြစ်တယ်။ ရိုဟင်ဂျာတွေရဲ့နာမည်ကိုတောင် မသုံးသွားဘူး။ ချိုးဖောက်မှုတွေရဲ့ ပြင်းထန်မှု အတိုင်းအတာကိုလည်း အသိအမှတ်ပြုခြင်း မရှိပါဘူး။ ဒီလို ငြင်းပယ်မှုတွေဟာ တမင်သက်သက် လှည့်စားဖို့ကြိုးစားတာဖြစ်ပြီး အန္တရာယ်ရှိပါတယ်။” လို့ A.I အရှေ့အာရှဒေသညွှန်ကြားရေးမှူး နီကိုလပ် ဘီကွယ်လင်က ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရွှေ့ပြောင်းခဲ့ရတာဟာ လူသတ်မှု၊ အဓမ္မမှုနဲ့ အကြမ်းဖက်မှုတွေကို စုပေါင်းလုပ်ခဲ့ကြတာရဲ့ရလဒ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုအာရုံစိုက်ခဲ့ကြပေမဲ့ ICJမှာ တရားစွဲထားတာဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေတရားမျှတမှုရရေးဖြစ်တယ်ဆိုတာမမေ့ဖို့ဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။

နိုင်ငံတကာတရားရုံး ICJမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာဟာ မပြည့်မစုံဘဲ လမ်းလွဲစေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

တပ်မတော်က အချိုးအစားမကျတဲ့အင်အားသုံးခဲ့တယ်လို့ဝန်ခံခဲ့ပေမဲ့ ရခိုင်မြောက်ပိုင်းပဋိပက္ခဟာ အလွန်ရှုပ်ထွေးပြီး အတိမ်အနက်နားလည်ဖို့မလွယ်ဘူးလို့လည်း နိုင်ငံတော်အတိုင်ပင်ခံကလျှောက်တင်ခဲ့တာပါ။

ဒီနေ့မှာတော့ မြန်မာနဲ့ဂမ်ဘီယာတို့အပြန်အလှန်လျှောက်လဲချက်ပေးကြရမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက ကြားနာမှုအပြည့်အဝမပြီးသေးခင် ဘင်္ဂါလီတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ohkkar #MeKongNews

Photo-ICJ

ဆိုင်ကယ်ဖြင့်မြန်မာပြည်တွင်းလည်ပတ်ခဲ့သည့် မလေးရှားနိုင်ငံသားများ တာချီလိတ်မှတဆင့် ပြန်လည်ထွက်ခွာ

Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၁ ရက်

မြန်မာနိုင်ငံတွင်းရှိ မြို့များသို့ သွားရောက် လည်ပတ်ခဲ့သော မလေးရှားနိုင်ငံသား ၁၉ ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၈ စီးဖြင့် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းက ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Photo by MeKong News

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Myanmar Senses Family Travel & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ၁၉ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၈ စီးဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်၍ မြဝတီ-ကျိုက်ထီးရိုး-ရန်ကုန်-နေပြည်တော်-ပုဂံ-မန္တလေး-အင်းလေး-နမ့်စန်-ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ သွားရောက်လည်ပတ်ပြီး ယနေ့ တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

Photo by MeKong News

နိုင်ငံခြားခရီးသွားများသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှု လေ့လာခံစားနိုင်ရန် နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

Photo by MeKong News

MK-002

MeKongNews

ဆိုင်းဘုတ်မှားယွင်းကိုင်ဆောင်မှုကြောင့် SNLD ပါတီကို ပွဲဖြစ်မြောက်ရေး ကော်မတီတောင်းပန်

ပွဲဖြစ်မြောက်ရေးကော်မတီမှ SNLD ရုံးတွင် တောင်းပန်စာပေးပို့ပြီး ရှင်းလင်းပြောကြား/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၁

တာချီလိတ်မြို့တွင်ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံပွဲတွင် ပွဲသို့တက်ရောက်ခြင်း မရှိသည့် ရှမ်းတိုင်းရှင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD အမည်ပါ ဆိုင်းဘုတ်ကို မှားယွင်းကိုင်ဆောင်မိသည့် အတွက် ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၁ရက် နေ့လည်ပိုင်းက သွားရောက်တောင်းပန် သည်။

ပွဲဖြစ်မြောက်ရေးကော်မတီမှ SNLD ရုံးတွင် တောင်းပန်စာပေးပို့ပြီး ရှင်းလင်းပြောကြား/Photo by MeKong News

ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာမြင့်အောင်၊ အတွင်းရေးမှူး ဦးမျိုးမင်းသိန်းနှင့် စီမံခန့်ခွဲရေးမှူး ဦးတင့်ဆွေတို့က တာချီလိတ်မြို့နယ် SNLD ပါတီရုံးကို သွားရောက်ကာ SNLD ပါတီဥက္ကဌထံ လိပ်မူထားသည့် တောင်းပန်ခြင်းနှင့်မှားယွင်းမှုအပေါ်ရှင်းလင်းတင်ပြထားသည့် စာကို သွားရောက်ပေးအပ်ခဲ့သည်။

ပွဲဖြစ်မြောက်ရေးကော်မတီမှ SNLD ရုံးတွင် တောင်းပန်စာပေးပို့ပြီး ရှင်းလင်းပြောကြား/Photo by MeKong News

“ထောက်ခံပွဲမှာ လာရင်အဆင်သင့်ဖြစ်အောင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ ဆိုင်းဘုတ်ကိုကြိုလုပ် ထားပြီး ဘေးမှာ ချထားတယ်။ အဲဒီမှာ ရှမ်းတိုင်းရင်းသားများအဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က စာက ရှမ်းတိုင်းရင်းသားများဆိုပြီးဆင်နေတော့ ယူကိုင်မိတာပေါ့။ သိသိချင်းပြန်လဲလိုက်ပါတယ်။ ဒီဆိုင်းဘုတ်ကိုကိုင်ပြီးတော့ မြို့ပတ်တာတော့မဟုတ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ရဲ့လစ်ဟင်းမှုအတွက် လာတောင်းတာပေါ့” ဟု ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်က ပြောသည်။

ပွဲဖြစ်မြောက်ရေးကော်မတီမှ SNLD ရုံးတွင် တောင်းပန်စာပေးပို့ပြီး ရှင်းလင်းပြောကြား/Photo by MeKong News

SNLD ပါတီအနေဖြင့် ထောက်ခံပွဲသို့ မတက်ရောက်ဘဲ ဆိုင်းဘုတ်ပါဝင်နေခြင်းအတွက်သာ ကန့်ကွက်ခြင်းဖြစ်ပြီး ထောက်ခံပွဲကို ကန့်ကွက်ပြောဆိုခြင်းမဟုတ်ကြောင်း တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက ပြောသည်။

“ကျွန်တော်တို့ပါတီရဲ့ ပုံရိပ်ကို ထိခိုက်သလိုမျိုးဖြစ်သွားတဲ့အတွက် လာတောင်းပန်တာကို ဝမ်းသာပါတယ်” ဟု၎င်းက ပြောသည်။

ပွဲဖြစ်မြောက်ရေးကော်မတီမှ SNLD ရုံးတွင် တောင်းပန်စာပေးပို့ပြီး ရှင်းလင်းပြောကြား/Photo by MeKong News

ထောက်ခံပွဲကျင်းပရေးကော်မတီအနေဖြင့် အဆိုပါဖြစ်ရပ်ကြောင့် SNLDနှင့် NLD ပါတီနှစ်ခုကြား နားလည်မှုလွဲမှား နိုင်သဖြင့် SNLD ကိုတောင်းပန်သလို လိုအပ်ပါက NLD ပါတီကိုလည်း တောင်းပန်သွားမည် ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်က ထပ်လောင်းပြောသည်။

SNLD ပါတီမှ ကန့်ကွက်ရခြင်းကိုရှင်းလင်း/Photo by MeKong News

တာချီလိတ်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံနှင့်အဖွဲ့ ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ရက်က ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံမှ လူ ၅၀၀ခန့် ပါဝင်ခဲ့သည်။

MK-001

MeKongNews

ဘင်္ဂါလီတွေရဲ့ဒုက္ခတွေအတွက် တောင်းပန်ရုံနဲ့မလုံလောက်ဘူးလို့ ဂမ်ဘီယာရှေ့နေလျှောက်လဲချက်ပေး

The Hague၊ ဒီဇင်ဘာ ၁၀

ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဘင်္ဂါလီ(ရိုဟင်ဂျာဟုလျှောက်တင်ရာတွင်သုံးနှုန်းထား)တွေရဲ့အတိဒုက္ခတွေအတွက် တောင်းပန်ရုံနဲ့တင်မလုံလောက်ဘူးလို့ ဂမ်ဘီယာနိုင်ငံရဲ့ရှေ့နေ ပေါ ရစ်ချလာက နိုင်ငံတကာတရားရုံး ICJမှာ လျှောက်တင်လိုက်ပါတယ်။

ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးကွန်ဗင်းရှင်းကိုချိုးဖောက်ထားလို့ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းစဉ်တွေစတင်ဖို့ နိုဝင်ဘာ ၁၁ ရက်မှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။

လက်ရှိလည်း မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေထပ်ဖြစ်နေပြီး မြန်မာနိုင်ငံကလည်း ကျူးလွန်ခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုနေတုန်းလို့လည်း ရစ်ချလာကပြောပါတယ်။

ဒီနေ့လျှောက်တင်မှုမှာ မြန်မာအစိုးရကပြည်ဝင်ခွင့်ပိတ်ထားတဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFMရဲ့အချက်အလက်တွေကိုကိုးကားပြီး လျှောက်တင်ခဲ့ကြပါတယ်။

ဒီနေ့လျှောက်တင်မှုမှာ တပ်မတော်က ဘင်္ဂါလီအမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တာတွေ၊ မီးရှို့တာတွေနဲ့ ဘင်္ဂါလီတွေရဲ့ စိုက်ပျိုးမြေတွေကိုပါသိမ်းယူခဲ့တာတွေရှိတယ်ဆိုပြီးလည်း FFMကိုကိုးကားပြီး မြန်မာနိုင်ငံကို စွပ်စွဲခဲ့ပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ARSAအကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေမှာပါဝင်တဲ့အတိုင်း ဘင်္ဂါလီတွေကို စိစစ်လက်ခံသွားမယ်လို့ မြန်မာအစိုးရဘက်ကပြောထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပြန်လည်လက်ခံရေးသဘောတူစာချုပ်လည်း လက်မှတ်ရေးထိုးထားပေမဲ့ တရားဝင်လမ်းကြောင်းကနေပြန်လာသူတွေမရှိသေးဘဲ မိမိဆန္ဒအလျောက်ပြန်လာသူရာဂဏန်းသာရှိနေပါတယ်။

The Hagueမှာကြားနာမှုလုပ်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းတွေကဘင်္ဂါလီတွေက တောင်ကုန်းတစ်ခုပေါ်တက်ပြီး ဂမ်ဘီယာ၊ ဂမ်ဘီယာလို့ ကြွေးကြော်ဟစ်အော်ခဲ့ကြတယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။

ဒီနေ့ကတော့ ဂမ်ဘီယာနိုင်ငံလျှောက်ထားတဲ့နေ့ဖြစ်ပြီး မနက်ဖြန်မှာတော့ မြန်မာနိုင်ငံဘက်က လျှောက်ထားမှာပါ။

ဒီဇင်ဘာ ၁၂ ရက်မှာတော့ နှစ်နိုင်ငံစလုံးက မျက်နှာစုံညီလျှောက်ထားမှာဖြစ်ပြီး တစ်ဖက်ကိုမိနစ် ၉၀ အချိန်ရမယ်လို့ ICJက ထုတ်ပြန်ထားပါတယ်။

Photo- Screenshot from ICJ Livestream

ဥက္ကာ #MeKongNews

နိုင်ငံတော်အတိုင်ပင်ခံနှင့်အဖွဲ့ကိုထောက်ခံပွဲ တာချီလိတ်တွင် ဘာသာပေါင်းစုံပူးပေါင်းပါဝင်

အတိုင်ပင်ခံနှင့်အဖွဲ့ကိုထောက်ခံကြောင်းစီတန်းလှည့်လည်စဉ်/Photo by MeKong News

တာချီလိတ်၊ ဒီဇင်ဘာ ၁၀

နိုင်ငံတကာတရားရုံး ICJ တွင် တရားစွဲဆိုထားသည်ကို သွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို ထောက်ခံသည့် ဟောပြောပွဲနှင့် စီတန်းလမ်းလျှောက်ပွဲကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၀ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည်။

ထောက်ခံပွဲကိုပူးပေါင်းပါဝင်သည့် အစ္စလာမ်ဘာသာဝင်များ/Photo by MeKong News

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဘာသာဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် လူအင်အား ၅၀၀က ထောက်ခံပွဲမှာ ပူးပေါင်းပါဝင်သည်။

ထောက်ခံပွဲကိုပူးပေါင်းပါဝင်သည့် ဟိန္ဒူဘာသာဝင်များ/Photo by MeKong News

ဘင်္ဂလီပြသနာမှာ ကြီးမားသည့် ပြသနာဖြစ်ပြီး ဂရုမစိုက်ဘဲထားပါက မြန်မာနိုင်ငံပျောက်သွားသည်အထိ ဖြစ်သွားနိုင်တာကြောင့် အဆိုပါကိစ္စအပေါ်နိုင်ငံတကာမှ ရှင်းလင်းစွာသဘောပေါက်စေရန် သွားရောက်ရှင်းလင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံခြင်းဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်ကပြောသည်။

ဒေါက်တာမြင့်အောင်မှဆွေးနွေးဟောပြောစဉ်/ Photo by MeKong News

မြန်မာနိုင်ငံတွင်းမွေးဖွားပြီး မြန်မာနိုင်ငံအရေးမှာ ၎င်း၏အရေးဟု ခံယူထားသည့်အတွက် ယခုကဲ့သို့ထောက်ခံပွဲတွင် ပူးပေါင်းပါဝင်ရခြင်းဖြစ်ကြောင်း ပန်းသေးဂျာမေဗလီမှ ရှေ့ဆောင်ဆရာတစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။

“နိုင်ငံမှာ ဘေးကျရောက်လာရင် ဒီနိုင်ငံက ပြည်သူတွေပဲ ခံစားရမှာဖြစ်လို့ သွားရောက်ဖြေရှင်းတာကို ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကလည်း အောင်မြင်အောင် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု၎င်းက ပြောသည်။

မြန်မာနိုင်ငံမြေပုံ ပုံဖော်ကာထောက်ခံကြောင်းပြသစဉ်/Photo by MeKong News

ထောက်ခံပွဲကို ဟောပြောပွဲနှင့် စီတန်းလှည့်လည်ခြင်းဟူ၍ နှစ်ပိုင်းခွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ ပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်းဆောင်များက ဟောပြောခဲ့ပြီး တာချီလိတ်မြို့ရှမ်းရိုးမကွင်းမှ အမှတ်(၁)တံတားအဝိုင်းအထိ အသွားအပြန် စီတန်းလှည့်လည်ခဲ့သည်။
MK-001

MeKongNews

ဖြည်းဖြည်းချင်းသေဆုံးလာတဲ့ မဲခေါင်မြစ်

တရုတ်ဆည်များအောက်ပိုင်းတွင် မဲခေါင်မြစ်ရေမှာခမ်းခြောက်နေတတ်သည် Photo: AFP Forum/Paritta Wangkiat

မြစ်ဆုံဒေသခြောက်သွေ့လာခြင်းနှင့် မြစ်ကြောင်းတစ်လျှောက် တည်ဆောက်ထားသည့် ဆည်များကြောင့် နိုင်ငံ(၆)နိုင်ငံက သန်းပေါင်းများစွာသော
ဘဝများ မှီတည်နေထိုင်ကြသည့် မဲခေါင်မြစ်၏အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများက အသစ်ပြန်ဖြစ်လာသည်။

မြစ်ကြောင်းတစ်လျှောက် များပြားလှသည့် ဆည်များကြောင့် မြစ်ရေခမ်းခြောက်မှု လျှင်လျှင်မြန်မြန် ဖြစ်ပေါ်လာသလို တချို့ဒေသများတွင် ခြောက်သွေ့လုနီးပါးအခြေအနေကို ရောက်နေပြီဖြစ်ကြောင်း မဲခေါင်မြစ်ရေအရင်းအရစ်များကို စီမံခန့်ခွဲနေသည့် ဒေသတွင်းနိုင်ငံများအစုအဖွဲ့ဖြစ်သော မဲခေါင်မြစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

လာအိုနိုင်ငံ၏ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ဒါဇင်နှင့်ချီသည့် ဆည်စီမံကိန်းများထဲမှ နောက်ဆုံးတစ်ခုဖြစ်သည့် ဒွန်ဆာဟွန်ဆည်ကို နိုဝင်ဘာလက စတင်ကာ လည်ပတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေပြီဖြစ်သည်။ ယင်းဆည်သည် လာအို-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် တည်ရှိပြီး ထွက်လာသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနှင့်ကမ္ဘောဒီးယားသို့ အဓိက တင်ပို့သည်။

ယင်းအရင်တစ်လက လာအိုအရှေ့မြောက်ဒေသတွင် အဆိုပါဆည်ထက် ပိုမိုကြီးမားပြီး ၁ ဒသမ ၃ ဂီဂါဝပ်ထွက်သည့် ရှာရာဘူရီဆည်နှင့် ရေအားလျှပ်စစ်စီမံကိန်းကို စတင်ခဲ့သည်။ မဲခေါင်မြစ်ရေ ၃၅ရာခိုင်နှုန်းဖြတ်သန်းစီးဆင်းနေသည့် လာအိုနိုင်ငံက ၎င်းကိုယ်၎င်း “အာရှတိုက်၏ဘက္ထရီ” ဟုတင်စား ခေါ်ဝေါ်ပြီး ထွက်လာသည့်လျှပ်စစ်ဓာတ်အား အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။

“တရုတ်က ဦးစီးလုပ်ကိုင်နေတဲ့ ကျင်ဟွန်ဆည်နဲ့ ထိုင်းက ဦးစီးနေတဲ့ ရှာရာဘူရီဆည်တွေက မြစ်ရေခမ်းခြောက်မှုကို ပိုမိုဖြစ်စေတယ်” ဟု အမေရိကန်ဉာဏ်ကြီးရှင် အစုအဖွဲ့တစ်ခုဖြစ်သည့် စတင်ဆန် စင်တာ၏ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ ဘရိုင်ယန်အိုင်လာက ပြောသည်။

“ဒီဆည်တွေက လာအိုနဲ့ တရုတ်မှာ လုပ်ကိုင်နေတဲ့ဆည်ပေါင်း ၇၀ထက်ပိုပြီး မြစ်အောက်ပိုင်းကို ပျက်စီးစေပါတယ်” ဟု ၎င်းက ထပ်လောင်ပြောဆိုသည်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှေးကွေးမှုနှင့် ကြုံတွေ့နေရသော်လည်း ပုံမှန်စီးပွားရေး ၆မှ၇ရာခိုင်နှုန်းအထိ နှစ်စဉ် တိုးတက်နေသည့် ကမ္ဘောဒီယားနှင့် ဗီယက်နမ်နိုင်ငံတို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံ၏ ချမ်းသာကြွယ်ဝမှုကို လိုက်မှီရန် ရည်ရွယ်ထားရာ ၎င်းတို့၏ လျှပ်စစ်စွမ်းအားလိုအပ်ချက်မှာလည်း ပိုမိုများပြားလာသည်။

Source: International Rivers

တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မှီရန် အာရှတစ်လွှား ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများကို တည်ဆောက်နေရပြီး တစ်ဖက်တွင်လည်း ကျောက်မီးသွေး အမြောက်အများသုံးစွဲမှုကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများက စိုးရိမ်စရာဖြစ်နေသည်။

ကျောက်မီးသွေးကဲ့သို့မဟုတ်ဘဲ သန့်စင်သည့်ရေအားလျှပ်စစ်ဆည်များမှာလည်း ပတ်ဝန်းကျင်ပျက်စီးမှုကို ထပ်တူ ခြိမ်းခြောက်လျှက်ရှိသည်။ ဒေသတွင်းအစိုးရများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှုုကိုသာ အာရုံစိုက်ထားပြီး ၎င်း၏အကျိုးဆက်များကို လျစ်လျူရှူထားကြသည်။

“ဒေသတွင်းက မူဝါဒချမှတ်သူတွေ၊ စွမ်းအင်ဝန်ကြီးတွေက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကိုပဲ အာရုံစိုက်ထားကြတယ်” ဟု စွမ်းအင်ဝန်ကြီးဟောင်းဖြစ်သလို ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အင်စတီကျု၏ ဒါရိုက်တာ ပိုဆိုသီရက်က ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ကျင်းပသည့် မဲခေါင်မြစ်ဆွေးနွေးပွဲတွင် ပြောသည်။

“အဓိက မြစ်ကြောင်းနဲ့ မြစ်လက်တက်တွေအပေါ် ဆည်တွေရဲ့သက်ရောက်မှုကို ဆယ်စုနှစ်ကျော်ကတည်းက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် မြစ်ကြောင်းတစ်လျှောက် မြစ်အောက်ခြေပြောင်းလဲမှုတွေ စတင်နေပါပြီ” ဟု ‘မဲခေါင်မြစ်ကြီး၏ နောက်ဆုံးနေ့ရက်များ’ စာအုပ်ရေးသားသူ စတင်ဆန် စင်တာ၏ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ ဘရိုင်ယန်အိုင်လာက ပြောသည်။

တရုတ်နိုင်ငံရှိမဲခေါင်မြစ်ပေါ်မှ ကျင်ဒေါင်းဆည် Photo: AFP Forum

NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Rivers က ရှာရာဘူရီဆည်ဟာ မြစ်ကြောင်းအပေါ်သက်ရောက်မှုတွေ အကြီးအကျယ်ဖြစ်လာနိုင်တာကြောင့် အထူးအငြင်းပွားဖွယ်ဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းအဖွဲ့၏ အဆိုအရ မီဂါဝပ် ၂၆၀ ထွက်သည့် ဒွန်စာဟွန်ဆည်သည်လည်း မြစ်အတွင်းရှိ ငါများနှင့် ဇီဝကြွယ်ဝမှုကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

ရှာရာဘူရီနှင့် ဒွန်စာဟွန်ဆည် နှစ်ခုကို ပြီးခဲ့သည့် လအတွင်းက စတင်လည်ပတ်သည့် အချိန်တွင် ဆိုးရွားသည့် မဲခေါင်မြစ်ရေခမ်းခြောက်မှုကို ကြုံတွေ့ရပြီး ၎င်း၏အကျိုးဆက်ကို မြစ်အောက်ပိုင်းရှိနိုင်ငံများ ယခုမှစတင်ကာ ၂၀၂၀ ဇန်နဝါရီလအထိ ခံစားရမည်ဖြစ်ကြောင်း မဲခေါင်မြစ်ကြောင်းကော်မရှင်က ထုတ်ပြန်ထားသည်။

မြစ်ရေခမ်းခြောက်မှုသည် ပြီးခဲ့သည့်မိုးရာသီအတွင်းက မိုးရေရရှိမှုနည်းပါးခြင်းနှင့် ပုံမှန်မဟုတ်သည့် အပူချိန်မြင့်မားမှုနှင့် ရေငွေ့ပျံမှုတို့ကို ဖြစ်စေသည့် အယ်နီညိုဖြစ်စဉ်တို့ကြောင့် ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒါ့အပြင် မဲခေါင်မြစ်အထက်ပိုင်းတွင် တရုတ်နိုင်ငံက ဆည်အမြောက်အများ တည်ဆောက်မှုကလည်း မြစ်ရေခမ်းခြောက်ခြင်း၏ အဓိက တရားခံဖြစ်ကြောင်း ထောက်ပြထားသည်။

“တရုတ်က ဆည်တွေက တကယ့်စိန်ခေါ်မှုပါပဲ” ဟု ချူလာလောင်ကွန်းတက္ကသိုလ်မှ တီသီနန် ပွန်စူဒီရက်က ပြောသည်။

“မြစ်ရေနည်းပါးတဲ့အချိန်မှာ ကျွန်တော်တို့က ရေခမ်းခြောက်မှုနဲ့ကြုံရတယ်။ တရုတ်ဆည်တွေက မြစ်ရေဘယ်လောက်စီးဆင်းမယ်ဆိုတာနဲ့ ရေပမာဏဘယ်လောက်စီးဆင်းမယ်ဆိုတာကို ပိုပြီး ထိန်းချုပ်လာသလို ဖြစ်နေတယ်” ဟု သူက မဲခေါင်မြစ်ဆွေးနွေးပွဲတွင် ဆက်ပြောသည်။

“မဲခေါင်မြစ်ဟာ ဆည်တည်ဆောက်မှုတွေကြောင့် တကယ့်ကို ခြိမ်းခြောက်ခံနေရပါတယ်” ဟု စူသီရက်က အဆိုပါဆွေးနွေးပွဲတွင် ထပ်လောင်းပြောဆိုသည်။ အထက်ပိုင်းရှိ တရုတ်ဆည်များသည် မြစ်အောက်ပိုင်းရှိ ဆည်များထက် အဆများစွာကြီးမားကြောင်း သူကပြောသည်။

နိုဝင်ဘာလ အလယ်ပိုင်းတွင် မဲခေါင်မြစ်ရေသည် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးရေမျက်နှာပြင်သို့ ရောက်ရှိသွားကြောင်း မဲခေါင်မြစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ အခြားခန့်မှန်းမှုများအရ မဲခေါင်မြစ်ရေသည် ရာစုနှစ်အတွင်း အနိမ့်ဆုံး ပမာဏသို့ရောက်ရှိသွားသည်ဟု ဆိုသည်။

မဲခေါင်မြစ်ပျက်စီးလာခြင်း၏ ပြင်းထန်သည့်အကျိုးဆက်ကို ဗီယက်နမ်တောင်ပိုင်းက အဓိက ခံစားရဖွယ်ရှိနေသည်။ အဆိုပါဒေသသည် ဗီယက်နမ်၏ ဆန်အိုးဖြစ်သလို စီးပွားရေးမြို့တော် ဟိုချီးမင်းစီးတီးလည်း ရှိပြီး လူနေအထူထပ်ဆုံးနေရာဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် ရေချိုလျော့နည်းလာပါက ပင်လယ်ရေငံပိုမိုဝင်ရောက်လာနိုင်ပြီး ဆည်များကြောင့် မြေဆီဓာတ်ကြွယ်ဝသည့် နှုန်းအနည်အနှစ်ပို့ချမှု လျော့နည်းမှုကြောင့် စပါးအပါအဝင် အခြားစိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်လာနိုင်သည်။

လာအိုနိုင်ငံအတွင်းရှိ မဲခေါင်မြစ်အပိုင်းတွင် ပုံမှန် ရွှံ့ရောင်မြစ်ရေအစား ပင်လယ်ရေပြာရောင်ဖြစ်နေကြောင်း သတင်းများအရ အဆိုပါထိခိုက်မှုမှာ စတင်ဖြစ်ပွားနေပြီဟု ခန့်မှန်းရသည်။

ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ယခင်က ဆည်တည်ဆောက်မှုများကို အစဉ်အမြဲဆန့်ကျင်ခဲ့သည့် ဗီယက်နမ်အစိုးရ၏ သဘောထားက ပြောင်းလဲလာသည်။ လာအိုနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်သည့် လွန်ပရာဘွန်အနီးရှိ မဲခေါင်မြစ်ပေါ်တွင် ၁၄၁၀ မီဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ်စက်ရုံနှင့် ဆည်တည်ဆောက်ရန် ဗီယက်နမ်အစိုးရက ကျောထောက်နောက်ခံပေးကာ ငွေကြေးလည်း ထောက်ပံ့ခဲ့သည်။

မြစ်အောက်ပိုင်းဆိုးကျိုးသက်ရောက်နိုင်မှုများကြောင့် ရှာရာဘူရီဆည်တည်ဆောက်မှုကို ဗီယက်နမ်အစိုးရက ၂၀၁၁ခုနှစ်တုန်းက ကျယ်ကျယ်လောင်လောင်ကန့်ကွက်ဖူးသည်။

ဗီယက်နမ်အစိုးရ၏ ဆည်များအပေါ်ရပ်တည်ချက် ပြောင်းလဲလာမှုအပေါ် နိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းများက ဝေဖန်ကြပြီး ကန့်ကွက်ဆန့်ကျင်မှုများပြုလုပ်သော်လည်း ကွန်မြူနစ်အစိုးရက ၎င်းဝေဖန်သူများကို ထုံးစံအတိုင်း ထောင်ချလိုက်သည်။

ထိုင်း‌မြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ မဲခေါင်မြစ်အတွင်း ငါဖမ်းနေသူတစ်ဦး Photo: AFP/Chrisophe Archambault

ဗီယက်နမ်တွင် ပတ်ဝန်းကျင်ပျက်စီးလာမှုကြောင့် ရာသီဥတုဘေး ဒုက္ခသည်များ အဖြစ် ပြည်သူများထွက်ပြေးနေရကြောင်း သတင်းများပေါ်ထွက်လာသလို မြစ်ရေခမ်းခြောက်မှုကြောင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူများ မြို့ပြသို့ ရွှေ့ပြောင်းမှုများ ရှိနေသည်။

မဲခေါင်မြစ်ပျက်စီးမှုဆိုးကျိုးကို ကမ္ဘောဒီးယားသည်လည်း ခံစားနေရပြီး မဲခေါင်မြစ်နှင့် မြစ်ကျဉ်းတစ်ခုဖြင့် ဆက်သွယ်ထားသည့် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန်ဖြစ်သည့် တွန်လီဆပ်အတွင်း ရေစီးဝင်မှုကို ပြင်းထန်စွာ ထိခိုက်နေသည်။ ထိုဖြစ်စဉ်ကြောင့် ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ်ထိခိုက်မှုရှိပြီး ကန်အတွင်းမှ ငါးများ၊ မြေဆီအဆီအနှစ်များနှင့် နှုန်းများကို ကမောက်ကမဖြစ်စေသည်။

“ဒီနှစ်ကတော်တာ်ကို ခံစားရတယ်။ ဒီဖြစ်စဉ်တွေကြောင့် ငါးပြတ်လပ်ပြီး အစားအသောက် အရမ်းကို ရှားပါးသွားနိုင်တယ်” ဟု ဘရိုင်ယန်အိုင်လာက ပြောခဲ့ပြီး ချူလာလောင်ကွန်းတက္ကသိုလ်မှ ဆူစီရက်ကလည်း ‘မဲခေါင်မြစ်ကို ထိန်းသိမ်းခြင်းဟာ မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများ၏ ဘဝကို ရေရှည်တည်တံ့စေဖို့ဖြစ်တယ်’ ဟု သတိပေးခဲ့သည်။

MeKongNews

Ref: Asia Times သတင်းဌာန၏ Mekong River dying a slow but certain death ဆောင်းပါကို ဘာသာပြန်ဆိုသည်။

Design a site like this with WordPress.com
Get started