တရုတ်ဆည်များအောက်ပိုင်းတွင် မဲခေါင်မြစ်ရေမှာခမ်းခြောက်နေတတ်သည် Photo: AFP Forum/Paritta Wangkiat
မြစ်ဆုံဒေသခြောက်သွေ့လာခြင်းနှင့် မြစ်ကြောင်းတစ်လျှောက် တည်ဆောက်ထားသည့် ဆည်များကြောင့် နိုင်ငံ(၆)နိုင်ငံက သန်းပေါင်းများစွာသော
ဘဝများ မှီတည်နေထိုင်ကြသည့် မဲခေါင်မြစ်၏အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများက အသစ်ပြန်ဖြစ်လာသည်။
မြစ်ကြောင်းတစ်လျှောက် များပြားလှသည့် ဆည်များကြောင့် မြစ်ရေခမ်းခြောက်မှု လျှင်လျှင်မြန်မြန် ဖြစ်ပေါ်လာသလို တချို့ဒေသများတွင် ခြောက်သွေ့လုနီးပါးအခြေအနေကို ရောက်နေပြီဖြစ်ကြောင်း မဲခေါင်မြစ်ရေအရင်းအရစ်များကို စီမံခန့်ခွဲနေသည့် ဒေသတွင်းနိုင်ငံများအစုအဖွဲ့ဖြစ်သော မဲခေါင်မြစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
လာအိုနိုင်ငံ၏ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ဒါဇင်နှင့်ချီသည့် ဆည်စီမံကိန်းများထဲမှ နောက်ဆုံးတစ်ခုဖြစ်သည့် ဒွန်ဆာဟွန်ဆည်ကို နိုဝင်ဘာလက စတင်ကာ လည်ပတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေပြီဖြစ်သည်။ ယင်းဆည်သည် လာအို-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် တည်ရှိပြီး ထွက်လာသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနှင့်ကမ္ဘောဒီးယားသို့ အဓိက တင်ပို့သည်။
ယင်းအရင်တစ်လက လာအိုအရှေ့မြောက်ဒေသတွင် အဆိုပါဆည်ထက် ပိုမိုကြီးမားပြီး ၁ ဒသမ ၃ ဂီဂါဝပ်ထွက်သည့် ရှာရာဘူရီဆည်နှင့် ရေအားလျှပ်စစ်စီမံကိန်းကို စတင်ခဲ့သည်။ မဲခေါင်မြစ်ရေ ၃၅ရာခိုင်နှုန်းဖြတ်သန်းစီးဆင်းနေသည့် လာအိုနိုင်ငံက ၎င်းကိုယ်၎င်း “အာရှတိုက်၏ဘက္ထရီ” ဟုတင်စား ခေါ်ဝေါ်ပြီး ထွက်လာသည့်လျှပ်စစ်ဓာတ်အား အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။
“တရုတ်က ဦးစီးလုပ်ကိုင်နေတဲ့ ကျင်ဟွန်ဆည်နဲ့ ထိုင်းက ဦးစီးနေတဲ့ ရှာရာဘူရီဆည်တွေက မြစ်ရေခမ်းခြောက်မှုကို ပိုမိုဖြစ်စေတယ်” ဟု အမေရိကန်ဉာဏ်ကြီးရှင် အစုအဖွဲ့တစ်ခုဖြစ်သည့် စတင်ဆန် စင်တာ၏ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ ဘရိုင်ယန်အိုင်လာက ပြောသည်။
“ဒီဆည်တွေက လာအိုနဲ့ တရုတ်မှာ လုပ်ကိုင်နေတဲ့ဆည်ပေါင်း ၇၀ထက်ပိုပြီး မြစ်အောက်ပိုင်းကို ပျက်စီးစေပါတယ်” ဟု ၎င်းက ထပ်လောင်ပြောဆိုသည်။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှေးကွေးမှုနှင့် ကြုံတွေ့နေရသော်လည်း ပုံမှန်စီးပွားရေး ၆မှ၇ရာခိုင်နှုန်းအထိ နှစ်စဉ် တိုးတက်နေသည့် ကမ္ဘောဒီယားနှင့် ဗီယက်နမ်နိုင်ငံတို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံ၏ ချမ်းသာကြွယ်ဝမှုကို လိုက်မှီရန် ရည်ရွယ်ထားရာ ၎င်းတို့၏ လျှပ်စစ်စွမ်းအားလိုအပ်ချက်မှာလည်း ပိုမိုများပြားလာသည်။
Source: International Rivers
တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မှီရန် အာရှတစ်လွှား ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများကို တည်ဆောက်နေရပြီး တစ်ဖက်တွင်လည်း ကျောက်မီးသွေး အမြောက်အများသုံးစွဲမှုကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများက စိုးရိမ်စရာဖြစ်နေသည်။
ကျောက်မီးသွေးကဲ့သို့မဟုတ်ဘဲ သန့်စင်သည့်ရေအားလျှပ်စစ်ဆည်များမှာလည်း ပတ်ဝန်းကျင်ပျက်စီးမှုကို ထပ်တူ ခြိမ်းခြောက်လျှက်ရှိသည်။ ဒေသတွင်းအစိုးရများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှုုကိုသာ အာရုံစိုက်ထားပြီး ၎င်း၏အကျိုးဆက်များကို လျစ်လျူရှူထားကြသည်။
“ဒေသတွင်းက မူဝါဒချမှတ်သူတွေ၊ စွမ်းအင်ဝန်ကြီးတွေက အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကိုပဲ အာရုံစိုက်ထားကြတယ်” ဟု စွမ်းအင်ဝန်ကြီးဟောင်းဖြစ်သလို ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အင်စတီကျု၏ ဒါရိုက်တာ ပိုဆိုသီရက်က ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ကျင်းပသည့် မဲခေါင်မြစ်ဆွေးနွေးပွဲတွင် ပြောသည်။
“အဓိက မြစ်ကြောင်းနဲ့ မြစ်လက်တက်တွေအပေါ် ဆည်တွေရဲ့သက်ရောက်မှုကို ဆယ်စုနှစ်ကျော်ကတည်းက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် မြစ်ကြောင်းတစ်လျှောက် မြစ်အောက်ခြေပြောင်းလဲမှုတွေ စတင်နေပါပြီ” ဟု ‘မဲခေါင်မြစ်ကြီး၏ နောက်ဆုံးနေ့ရက်များ’ စာအုပ်ရေးသားသူ စတင်ဆန် စင်တာ၏ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ ဘရိုင်ယန်အိုင်လာက ပြောသည်။
တရုတ်နိုင်ငံရှိမဲခေါင်မြစ်ပေါ်မှ ကျင်ဒေါင်းဆည် Photo: AFP Forum
NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Rivers က ရှာရာဘူရီဆည်ဟာ မြစ်ကြောင်းအပေါ်သက်ရောက်မှုတွေ အကြီးအကျယ်ဖြစ်လာနိုင်တာကြောင့် အထူးအငြင်းပွားဖွယ်ဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းအဖွဲ့၏ အဆိုအရ မီဂါဝပ် ၂၆၀ ထွက်သည့် ဒွန်စာဟွန်ဆည်သည်လည်း မြစ်အတွင်းရှိ ငါများနှင့် ဇီဝကြွယ်ဝမှုကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။
ရှာရာဘူရီနှင့် ဒွန်စာဟွန်ဆည် နှစ်ခုကို ပြီးခဲ့သည့် လအတွင်းက စတင်လည်ပတ်သည့် အချိန်တွင် ဆိုးရွားသည့် မဲခေါင်မြစ်ရေခမ်းခြောက်မှုကို ကြုံတွေ့ရပြီး ၎င်း၏အကျိုးဆက်ကို မြစ်အောက်ပိုင်းရှိနိုင်ငံများ ယခုမှစတင်ကာ ၂၀၂၀ ဇန်နဝါရီလအထိ ခံစားရမည်ဖြစ်ကြောင်း မဲခေါင်မြစ်ကြောင်းကော်မရှင်က ထုတ်ပြန်ထားသည်။
မြစ်ရေခမ်းခြောက်မှုသည် ပြီးခဲ့သည့်မိုးရာသီအတွင်းက မိုးရေရရှိမှုနည်းပါးခြင်းနှင့် ပုံမှန်မဟုတ်သည့် အပူချိန်မြင့်မားမှုနှင့် ရေငွေ့ပျံမှုတို့ကို ဖြစ်စေသည့် အယ်နီညိုဖြစ်စဉ်တို့ကြောင့် ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒါ့အပြင် မဲခေါင်မြစ်အထက်ပိုင်းတွင် တရုတ်နိုင်ငံက ဆည်အမြောက်အများ တည်ဆောက်မှုကလည်း မြစ်ရေခမ်းခြောက်ခြင်း၏ အဓိက တရားခံဖြစ်ကြောင်း ထောက်ပြထားသည်။
“တရုတ်က ဆည်တွေက တကယ့်စိန်ခေါ်မှုပါပဲ” ဟု ချူလာလောင်ကွန်းတက္ကသိုလ်မှ တီသီနန် ပွန်စူဒီရက်က ပြောသည်။
“မြစ်ရေနည်းပါးတဲ့အချိန်မှာ ကျွန်တော်တို့က ရေခမ်းခြောက်မှုနဲ့ကြုံရတယ်။ တရုတ်ဆည်တွေက မြစ်ရေဘယ်လောက်စီးဆင်းမယ်ဆိုတာနဲ့ ရေပမာဏဘယ်လောက်စီးဆင်းမယ်ဆိုတာကို ပိုပြီး ထိန်းချုပ်လာသလို ဖြစ်နေတယ်” ဟု သူက မဲခေါင်မြစ်ဆွေးနွေးပွဲတွင် ဆက်ပြောသည်။
“မဲခေါင်မြစ်ဟာ ဆည်တည်ဆောက်မှုတွေကြောင့် တကယ့်ကို ခြိမ်းခြောက်ခံနေရပါတယ်” ဟု စူသီရက်က အဆိုပါဆွေးနွေးပွဲတွင် ထပ်လောင်းပြောဆိုသည်။ အထက်ပိုင်းရှိ တရုတ်ဆည်များသည် မြစ်အောက်ပိုင်းရှိ ဆည်များထက် အဆများစွာကြီးမားကြောင်း သူကပြောသည်။
နိုဝင်ဘာလ အလယ်ပိုင်းတွင် မဲခေါင်မြစ်ရေသည် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးရေမျက်နှာပြင်သို့ ရောက်ရှိသွားကြောင်း မဲခေါင်မြစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ အခြားခန့်မှန်းမှုများအရ မဲခေါင်မြစ်ရေသည် ရာစုနှစ်အတွင်း အနိမ့်ဆုံး ပမာဏသို့ရောက်ရှိသွားသည်ဟု ဆိုသည်။
မဲခေါင်မြစ်ပျက်စီးလာခြင်း၏ ပြင်းထန်သည့်အကျိုးဆက်ကို ဗီယက်နမ်တောင်ပိုင်းက အဓိက ခံစားရဖွယ်ရှိနေသည်။ အဆိုပါဒေသသည် ဗီယက်နမ်၏ ဆန်အိုးဖြစ်သလို စီးပွားရေးမြို့တော် ဟိုချီးမင်းစီးတီးလည်း ရှိပြီး လူနေအထူထပ်ဆုံးနေရာဖြစ်သည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ရေချိုလျော့နည်းလာပါက ပင်လယ်ရေငံပိုမိုဝင်ရောက်လာနိုင်ပြီး ဆည်များကြောင့် မြေဆီဓာတ်ကြွယ်ဝသည့် နှုန်းအနည်အနှစ်ပို့ချမှု လျော့နည်းမှုကြောင့် စပါးအပါအဝင် အခြားစိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်လာနိုင်သည်။
လာအိုနိုင်ငံအတွင်းရှိ မဲခေါင်မြစ်အပိုင်းတွင် ပုံမှန် ရွှံ့ရောင်မြစ်ရေအစား ပင်လယ်ရေပြာရောင်ဖြစ်နေကြောင်း သတင်းများအရ အဆိုပါထိခိုက်မှုမှာ စတင်ဖြစ်ပွားနေပြီဟု ခန့်မှန်းရသည်။
ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ယခင်က ဆည်တည်ဆောက်မှုများကို အစဉ်အမြဲဆန့်ကျင်ခဲ့သည့် ဗီယက်နမ်အစိုးရ၏ သဘောထားက ပြောင်းလဲလာသည်။ လာအိုနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်သည့် လွန်ပရာဘွန်အနီးရှိ မဲခေါင်မြစ်ပေါ်တွင် ၁၄၁၀ မီဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ်စက်ရုံနှင့် ဆည်တည်ဆောက်ရန် ဗီယက်နမ်အစိုးရက ကျောထောက်နောက်ခံပေးကာ ငွေကြေးလည်း ထောက်ပံ့ခဲ့သည်။
မြစ်အောက်ပိုင်းဆိုးကျိုးသက်ရောက်နိုင်မှုများကြောင့် ရှာရာဘူရီဆည်တည်ဆောက်မှုကို ဗီယက်နမ်အစိုးရက ၂၀၁၁ခုနှစ်တုန်းက ကျယ်ကျယ်လောင်လောင်ကန့်ကွက်ဖူးသည်။
ဗီယက်နမ်အစိုးရ၏ ဆည်များအပေါ်ရပ်တည်ချက် ပြောင်းလဲလာမှုအပေါ် နိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းများက ဝေဖန်ကြပြီး ကန့်ကွက်ဆန့်ကျင်မှုများပြုလုပ်သော်လည်း ကွန်မြူနစ်အစိုးရက ၎င်းဝေဖန်သူများကို ထုံးစံအတိုင်း ထောင်ချလိုက်သည်။
ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ မဲခေါင်မြစ်အတွင်း ငါဖမ်းနေသူတစ်ဦး Photo: AFP/Chrisophe Archambault
ဗီယက်နမ်တွင် ပတ်ဝန်းကျင်ပျက်စီးလာမှုကြောင့် ရာသီဥတုဘေး ဒုက္ခသည်များ အဖြစ် ပြည်သူများထွက်ပြေးနေရကြောင်း သတင်းများပေါ်ထွက်လာသလို မြစ်ရေခမ်းခြောက်မှုကြောင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူများ မြို့ပြသို့ ရွှေ့ပြောင်းမှုများ ရှိနေသည်။
မဲခေါင်မြစ်ပျက်စီးမှုဆိုးကျိုးကို ကမ္ဘောဒီးယားသည်လည်း ခံစားနေရပြီး မဲခေါင်မြစ်နှင့် မြစ်ကျဉ်းတစ်ခုဖြင့် ဆက်သွယ်ထားသည့် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန်ဖြစ်သည့် တွန်လီဆပ်အတွင်း ရေစီးဝင်မှုကို ပြင်းထန်စွာ ထိခိုက်နေသည်။ ထိုဖြစ်စဉ်ကြောင့် ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ်ထိခိုက်မှုရှိပြီး ကန်အတွင်းမှ ငါးများ၊ မြေဆီအဆီအနှစ်များနှင့် နှုန်းများကို ကမောက်ကမဖြစ်စေသည်။
“ဒီနှစ်ကတော်တာ်ကို ခံစားရတယ်။ ဒီဖြစ်စဉ်တွေကြောင့် ငါးပြတ်လပ်ပြီး အစားအသောက် အရမ်းကို ရှားပါးသွားနိုင်တယ်” ဟု ဘရိုင်ယန်အိုင်လာက ပြောခဲ့ပြီး ချူလာလောင်ကွန်းတက္ကသိုလ်မှ ဆူစီရက်ကလည်း ‘မဲခေါင်မြစ်ကို ထိန်းသိမ်းခြင်းဟာ မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများ၏ ဘဝကို ရေရှည်တည်တံ့စေဖို့ဖြစ်တယ်’ ဟု သတိပေးခဲ့သည်။
MeKongNews
Ref: Asia Times သတင်းဌာန၏ Mekong River dying a slow but certain death ဆောင်းပါကို ဘာသာပြန်ဆိုသည်။